အသက်(၃၅)နှစ်အရွယ် ပေါ်တူဂီတိုက် စစ်မှူးစီရိုနယ်ဒိုသည် စက်တင်ဘာ ၈ ရက် က ဆွီဒင်နှင့်ကစားခဲ့သော ယူအီးအက်ဖ် အေနေးရှင်းလိဂ်ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ သောကြောင့် နိုင်ငံတကာရာပြည့်ဂိုးသွင်းနိုင် ခဲ့သည့် ပထမဆုံးဥရောပကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ပေါ်တူဂီသည် ဆွီဒင်ကွင်း၌သွားရောက် ကစားခဲ့ရခြင်းဖြစ်ပြီး ပထမပိုင်း ၄၄ မိနစ် တွင် ဆွီဒင်ကွင်းလယ်လူ ဆဗင်ဆင် နှစ်ဝါ တစ်နီဖြင့်ထုတ်ပယ်ခံရသောကြောင့် အသာ စီးရခဲ့သည်။ စီရိုနယ်ဒိုသည် ဆဗင်ဆင် ကြောင့်ရခဲ့သော အလွတ်တည်ကန်ဘောကို ပိုင်နိုင်စွာအသုံးချနိုင်ခဲ့ပြီး ပေါ်တူဂီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ စီရိုနယ်ဒိုသည် ဒုတိယပိုင်း ၇၂ မိနစ်တွင် ပင်နယ်တီ ဧရိယာထိပ်မှ ပေါ်တူဂီအတွက် ဒုတိယဂိုးကို သွင်းယူနိုင်၍ နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။
စီရိုနယ်ဒိုသည် ခြေထောက်ဒဏ်ရာ ကြောင့် ခရိုအေးရှားနှင့်ပွဲကို လွဲချော်ခဲ့ပြီး နောက် ဆွီဒင်နှင့်ပွဲကိုဝင်ရောက်ကစားခဲ့ရာ ခြေစွမ်းပြနိုင်ခဲ့ပြီး ယခုအခါ ၄င်း၏နိုင်ငံ တကာသွင်းဂိုးမှာ ၁ဝ၁ ဂိုးအထိရှိလာခဲ့ပြီဖြစ် သည်။ စီရော်နယ်ဒိုသည် နိုင်ငံတကာသွင်း ဂိုးအများဆုံးစံချိန်တင်ထားသော အီရန် တိုက်စစ်မှူးဟောင်း အလီဒါယီ၏ ၁ဝ၉ ဂိုး စံချိန်ကိုကျော်ဖြတ်ရန် အခွင့်အလမ်းပိုင် ဆိုင်လာသည်။
နိုင်ငံတကာသွင်းဂိုး ၁ဝဝ ပြည့်ခဲ့သော စီရိုနယ်ဒိုက ၄င်း၏စံချိန်မှတ် တမ်းအတွက်ဂုဏ်ယူနေပြီး ခြေစွမ်းအပေါ် သက်သေပြစရာမရှိဟုဆိုခဲ့သည်။ စီရိုနယ်ဒို ၏နောက်တွင် နိုင်ငံတကာသွင်းဂိုးအများဆုံး ဥရောပကစားသမားအဖြစ် ဟန်ဂေရီတိုက် စစ်မှူးဟောင်းပွတ်ရှ်ကတ်က ၈၄ ဂိုးဖြင့် ရပ်တည်နေသည်။
စီရိုနယ်ဒိုသည် ၎င်း၏ကစားသမား ဘဝ၌ အလွတ်တည်ကန်ဘောမှတစ်ဆင့် ၅၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ပေါ်တူဂီလက် ရွေးစင်အသင်းအတွက် ၁ဝ ဂိုးသွင်းယူခဲ့ သည်။ ၎င်းသည် အသက်(၃ဝ)ပြည့်ပြီး နောက်ပိုင်း ပေါ်တူဂီအသင်းအတွက် ၄၇ ပွဲကစားခဲ့ရာ ၄၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားနေရခြင်းအပေါ် ပရိသတ် မပါ၍ ဘောလုံးကစားနေရခြင်းမှာ ဆပ်ကပ် သွားကြည့်ပြီး လူရွှင်တော်ကိုမမြင်ရသည့် ပုံစံဖြစ်နေဟု စီရိုနယ်ဒိုက ဆိုသည်။















