ပိတ်သိမ်းခဲ့သည့် ခဲကျင်းအဟောင်းကို ခိုးတူးရာက အသက်ရှုကြပ်၍ လူတစ်ဦး သေဆုံး

ပိတ်သိမ်းခဲ့သည့် ခဲကျင်းအဟောင်းကို ခိုးတူးရာက အသက်ရှုကြပ်၍ လူတစ်ဦး သေဆုံး

မြစ်သားမြို့နယ်တွင် သက်ဆိုင်ရာက ပိတ်သိမ်းခဲ့သည့် ခဲကျင်းအဟောင်းကို ခိုးတူးရာက အသက်ရှုကြပ်ကာ လူတစ်ဦး သေဆုံးမှုကို စစ်ဆေးလျက် ရှိကြောင်း စက်တင်ဘာ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၉ ရက်ညနေ ၅ နာရီအချိန်ခန့်တွင် မြစ်သားမြို့နယ်၊ကံဆည်ကျေးရွာ တောအတွင်းရှိ ခဲကျင်းဟောင်းတွင်လူတစ်ဦးသေဆုံးမှုဖြစ်ပွားကြောင်းသတင်းအရ မြစ်သားမြို့နယ်၊ရွာခိုင်ကြီးရဲကင်းစခန်းမှူး ရဲအုပ်သိန်းဝင်းဆွေ နှင့်အဖွဲ့က စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ၊မြစ်သားမြို့နယ်၊ကံဆည်ကျေးရွာနေ အောင်အောင်(ခ) ဖိုးစိုး(၄၆)နှစ်ဖြစ်ပြီးတစ်ရွာတည်းနေ လွင်မောင်(၃၁)၊ဖြိုးလင်းကျော်(၂၉)နှစ်၊လောပန်း(ခ)ကိုကိုချစ်(၂၁)နှစ်၊ပြည့်ဖြိုးမောင်(၂၄)နှစ်တို့နှင့်အတူ ခဲကျင်းဟောင်းများကို ခိုးတူးစဉ် အကျယ်(၄)ပေ၊အနက်ပေ(၁၂၀) အရောက်၌အောင်အောင်(ခ)ဖိုးစိုးမှာ အသက်ရှုကြပ်ကာအောက်စီဂျင်ပြတ်၍သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ခိုးတူးသည့် ခဲကျင်းမှာလွန်ခဲ့သော ၃ ပတ်ခန့်က မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးစီး၍ဌာနပေါင်းစုံပူးပေါင်းအဖွဲ့ကမြစ်သားမြို့နယ်ကံဆည်ကျေးရွာ တောအတွင်းရှိ တရားမဝင်တူးဖော်နေသောခဲကျင်းများကို ဘက်ဟိုးများနှင့်ဖုန်းပိတ်ခဲ့သည့်ကျင်းဟောင်းများဖြစ်ပြီး ၎င်းတို့ ခိုးတူးစဉ် ယခုကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းကို မြစ်သားမြို့ပြည်သူ့ဆေးရုံသို့ပို့အပ်ရာ ပီအာရ် ၀၂၅ ဖြင့်လက်ခံထားပြီးမြစ်သားမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၂၀)ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိသည်။