တောင်ငူမြို့တွင် ဟိုတယ်တွင်း အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေသူများကို ဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၁၀ ရက်နေ့ ည ၁၂ နာရီခွဲအချိန်ခန့် တွင် တောင်ငူမြို့၊ (၈)ရပ်ကွက်ရှိ ရှမ်းမင်းသား ဟိုတယ်အတွင်း အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေကြောင်းသတင်းအရ တောင်ငူခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့်တောင်ငူမြို့မရဲစခန်းမှူးနှင့်အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့သည်။
အဆိုပါ ဟိုတယ်၏ ဒုတိယထပ်ရှိ အခန်းတစ်ခန်းတွင်အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၃)ဦး ၊ ကောင်တာစားပွဲတွင် အမျိုးသား (၂)ဦး၊ ဟိုတယ်ဝန်းအနောက်ဘက်ရှိ နေအိမ်(၁)လုံး အတွင်းတွင် အနှိပ်လုပ်ငန်း လုပ်ကိုင်ရန် ခေါ်ယူထားသည့် အမျိုးသမီး(၅)ဦးတို့ကို စစ်ဆေးတွေ့ရှိသဖြင့် ဟိုတယ်ပိုင်ရှင်ဖြစ်သူနှင့် ၎င်းတို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မအရ အမှုဖွင့်အရေးယူထားသည်။

















