ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ အမှုစစ်ဆေး စီရင်မှုများ ကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် စီစဉ်ထားကြောင်း ကြေညာချက်ကို ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ ခု၌ နေထိုင်သော ပြည်သူများ နေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
တရားလို၊ တရားခံ၊ အမှုသည်များ နှင့်ရှေ့နေများစုဝေးသည့် မြို့နယ်ခရိုင်တရားများတွင် COVID 19 ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် သက်မှတ်ထားသည့် အမှုများအပေါ် ခန့်မှန်း တစ်လခန့်ရုံးချိန်းပေး စီစဉ်မှုများကိုလည်းပြုလုပ်ခဲ့သည်။
" တရားရုံးတွေ ဖွင့်တယ်။ အချုပ်သားတရားခံကို အင်းစိန်က ထောင်အချုပ်ကနေ မထုတ်တော့ဘူး၊ မြို့နယ် ခရိုင်အလိုက် တရားသူကြီးတွေ အင်းစိန်ထောင်ကို သွားပြီး အချုပ်တရားခံတွေကို အလှည့်ကျ ရမန်တွေသွားပေးရတယ်။ ရာဇဝတ်အမှုကတော့ ၂ ပတ် ပဲပေးရတယ်။ အချုပ်သားတွေ ရောဂါ မကူးဆက်နိုင်အောင်လို့ အခုလို့ တရားသူကြီးတွေ ထောင်မှာ ရမန်သွားပေးရတာ" ဟု တရားလွှတ်တော်ရှေ့နေများ ကောင်စီအတွက် ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်မင်းက မြန်မာတိုင်းမ်ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ စက်တင်ဘာ ၁၀ ရက်(ယနေ့)မှ စက်တင်ဘာ ၂၃ ရက်အထိ ကြားနာရန်နှင့် အမိန့်ချမှတ်ရန် ချိန်းဆိုထားသော ရာဇဝတ်ဆိုင်ရာအမှုများနှင့် တရားမဆိုင်ရာ အမှုများအား ယနေ့ထုတ်ပြန်ချက်နှင်အတူ ရွှေ့ဆိုင်းခဲ့သည်။
ပြန်လည်ကြားနာရမည့် နေ့ရက်နှင့် အမိန့်ချမည့်နေ့ရက်များကို ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီးအမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တရားခွင်များထံသို့ ဖုန်းဖြင့် ဆက်သွယ်ပြီး ရုံးချိန်ရယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
" မနေ့က ခရိုင်တရားရုံးတွေက တရားမအမှုကို တစ်လခွာပြီး ရုံးချိန်း ပေးလိုက်တယ်။ ဒီကာလမှာ ဒီလိုမျိုး ရုံးချိန်ခွာချိန်းမှ ဒီရောဂါ ကူးစက်မှု လျော့နည်းသွားမယ်" ဟု တရားလွှတ် တော်ရှေ့နေ ဦးအောင်ကျော်မင်းက ပြောသည်။
မြို့နယ်တရားရုံးများ ဖွင့်လှစ်ထားပြီး တရားစွဲဆိုတင်ပို့မှုများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန နှင့်အညီလုပ်ဆောင်လျက်ရှိကြောင်း Stay At Home အစီစဉ်တွင်ပါဝင်သည့် မြို့နယ်ရဲတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။
" ကိုဗစ်- ၁၉ ကာလမှာ ဖမ်းဆီး တရားစွဲ တဲ့အမှုတွေရှိတယ်။ အဲ့လိုအမှုတွေကို တရားရုံးမှာ ရမန်ယူပြီး အင်းစိန်အချုပ်ကို တိုက်ရိုက်ပို့တယ်။ ည ၁၂ နာရီနောက်ပိုင်း မထွက်ရ အမိန့်တွေဖောက်ဖျက် ကျူးလွန်တဲ့သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြို့နယ်တရားရုံး ကိုပို့တယ်။ တရားရုံးက ထောင်တစ်လချပြီး အင်းစိန်ထောင်အချုပ်ကို ပို့တယ်" ဟု Stay At Home အစီစဉ်တွင်ပါဝင်သည့် မြို့နယ်ရဲတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြောက်ပိုင်းခရိုင်တရားရုံး၏ တရားခွင်တစ်ခုတွင် သက်သေခံလာရောက် ထွက်ဆိုသည့် မှုခင်း ဆရာဝန်မှာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့မိသဖြင့် တရားခွင်မှ ဝန်ထမ်းများပါ စောင့်ကြည့် စစ်ဆေးမှုခံယူခဲ့ရသည်။ အလားတူ ကျောက်တံတားမြို့နယ်တရားရုံးတွင် ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားသည့် အမှုမှ တရားခံတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသဖြင့် တရားခွင် ဝန်ထမ်းများနှင့် ရှေ့နေများ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။
















