ကျောက်စိမ်းတုံး၊ ကျောက်စိမ်းလက်ကောက်များ သယ်ဆောင်ခဲ့သူ ယာဉ်နောက်လိုက်နှင့် ပစ္စည်းပိုင်ရှင် (၃)ဦးတို့ကိုအရေးယူ

ကျောက်စိမ်းတုံး၊ ကျောက်စိမ်းလက်ကောက်များ သယ်ဆောင်ခဲ့သူ ယာဉ်နောက်လိုက်နှင့် ပစ္စည်းပိုင်ရှင် (၃)ဦးတို့ကိုအရေးယူ

မြဝတီမြို့ သင်္ဃန်းညီနောင် အဖွဲ့စုံစစ်ဆေးရေးဂိတ်တွင် ကျောက်စိမ်းတုံးများ နှင့် ကျောက်စိမ်းလက်ကောက်များ သယ်ဆောင်ခဲ့သူပစ္စည်းပိုင်ရှင်(၃)ဦးနှင့် ခရီးသည်ယာဉ်နောက်လိုက်တို့ကို အရေးယူထားကြောင်း စက်တင်ဘာ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့၊ နံနက် ၁၀ နာရီ ခွဲ နာရီခန့်တွင် မန္တလေးမြို့မှ မြဝတီမြို့သို့မောင်းနှင်လာသည့် "မန္တလာမင်း"အနီရောင်မှန်လုံယာဉ်ကို မြဝတီခရိုင်ရဲတပ်ဖွဲ့မှရဲအုပ်သန်းဇော်မြင့်၊အမှတ်(၃၂)မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ဇော်ဇော်ဝင်းနှင့်ပူးပေါင်းအဖွဲ့က သင်္ဃန်းညီနောင်စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်၏ဝမ်းဗိုက်အတွင်း ခရီးသည်များပစ္စည်းထည့်သည့် နေရာတွင် ဒေါ်ညိုအမည် နှင့်ဖုန်းနံပါတ်ပါ ပီနမ်အိတ်အတွင်း ထည့်ထားသည့် အလျား(၁)ပေ၊ အနံ(၆)လက်မရှိ ကျောက်စိမ်းတုံး တစ်တုံး၊ အလေးချိန်(၁၆)ကီလိုနှင့်အလျား(၆)လက်မ၊ အနံ(၄)လက်မရှိ ကျောက်စိမ်းတုံးတစ်တုံး၊ အလေးချိန်(၅)ကီလို၊ မအေးဝင်းနာမည်နှင့်ဖုန်းနံပါတ်ပါ ပီနန်အိတ်အတွင်း ကျောက်စိမ်းလက်ကောက် ၂၈၅)ကွင်း၊ အလေးချိန်(၂၁)ကီလို၊ ဒေါ်အေးကြိုင်အမည်နှင့် ပီနန်အိတ်အတွင်း ကျောက်စိမ်း ပုတီးကုန်း ၂၀၀၊ တို့ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ အဆိုပါယာဉ်နောက်လိုက် ကျော်ကျော်ဆန်းကို စစ်ဆေးမေးမြန်းရာ အဆိုပါပစ္စည်းများအား ကျွဲဆည်ကန် "မန္တလာမင်း"ဂိတ်တွင် ပစ္စည်းများလက်ခံစဉ်က ယာဉ်မောင်းဖြစ်သူ ဦးညီညီမောင်မှာသိရှိခြင်းမရှိဘဲ ယာဉ်နောက်လိုက်ဖြစ်သူဦးကျော်ကျော်ဆန်းမှ လက်ခံသယ်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သောကြောင့် အထောက်အထားတစ်စုံတစ်ရာပါရှိခြင်း မရှိဘဲ ကျောက်စိမ်းတုံးများကို သယ်ယူပို့ဆောင်သူ ယာဉ်နောက်လိုက် ဦးကျော်ကျော်ဆန်းနှင့်ပစ္စည်းပိုင်ရှင်(၃)ဦးတို့ကို သင်္ဃန်းညီနောင်နယ်မြေရဲစခန်းတွင်(ပ)၅၉/၂၀၂၀၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေပုဒ်မ ၄၂/၄၄ အရ အမှုဖွင့်လှစ် အရေးယူထားသည်။