အိမ်ရှင်ကိုသတ် ရွှေထည်ပစ္စည်းနှင့် ငွေများ ယူဆောင်ထွက်ပြေးသူ အလုပ်သမားကို ဖမ်းမိ

အိမ်ရှင်ကိုသတ် ရွှေထည်ပစ္စည်းနှင့် ငွေများ ယူဆောင်ထွက်ပြေးသူ အလုပ်သမားကို ဖမ်းမိ

ရေးမြို့နယ်တွင် အိမ်ရှင်ကိုသတ်ကာ ရွှေထည်ပစ္စည်းနှင့် ငွေများ ယူဆောင်ထွက်ပြေးသူ အလုပ်သမားကို ဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၉ ရက်နေ့ နံနက် ၆ နာရီခန့်အချိန်တွင် ရေးမြို့နယ်၊ဒူးယားကျေးရွာ၊တောင်ပိုင်း ရပ်ကွက်တွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ခဲ့သည်။ သေဆုံးသူမှာ ဒေါ်ဝင်းကြည်ဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သဆုံးနေသည်ကိုတွေ့ရသည်။

စုံစမ်းချက်အရ ရေးမြို့နယ်၊ဒူးယားကျေးရွာ၊တောင်ပိုင်းနေ ဒေါ်ဝင်းကြည်သည် စက်တင်ဘာ ၈ ရက်နေ့ ည ၉ နာရီခန့်တွင် နေအိမ်အောက် ထပ်တွင် အိပ်ရာဝင်ခဲ့ပြီး  ခင်ပွန်းဖြစ်သူ ဦးမြင့်စိုး မှာနေအိမ်အပေါ်ထပ်တွင် အိပ်ရာဝင်ခဲ့သည်။

နံနက် ၆ နာရီခန့်အချိန် ဦးမြင့်စိုး အိပ်ရာမှနိုးသဖြင့် အိမ်အောက် ထပ်သို့ဆင်းလာစဉ် ဇနီးဖြစ်သူ ဒေါ်ဝင်းကြည်မှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် လဲကျသေဆုံးနေပြီး ဗီဒိုအတွင်းရှိ ရွှေငွေလက် ဝတ်ရတနာများ ပျောက်ဆုံးနေသည်ကို တွေ့ရသည်။ ဇနီးဖြစ်သူ အသတ်ခံရမှု၊ ရွှေငွေလက် ဝတ်ရတနာများ ပျောက်ဆုံးမှုနှင့်အတူ  နေအိမ်မှ အလုပ်သမားဖြစ်သူ စည်သူမင်းလည်းး ပျောက်ဆုံးနေကြောင်းစစ်ဆေးသိရှိခဲ့သည်။
 
စည်သူမင်း(ခ)ထွန်းလင်းငယ်နှင့်ပတ်သက်၍ စုံစမ်းရာ မော်လမြိုင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသဖြင့် ပြည်နယ်မှုခင်းအကူဌာနမှ ရဲအုပ်ဇော်ထိုက် ဦးစီးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ပိတ်ဆို့ရှာဖွေရာ  မော်လမြိုင်မြို့၊ ဒေါင်းဇရပ် ရပ်ကွက်၊ တာဝါတိုင်အနီး မုဒုံ-မော်လမြိုင်သွားကားလမ်းပေါ်တွင် အမှုဖြင့်ထွက်ပြေးတိမ်းရှောင်သူ စည်သူမင်း(ခ)ထွန်းလင်းငယ်ကို  ဖမ်းမိခဲ့သည်။ ပြစ်မှုကျူးလွန်သူ စည်သူမင်း(ခ)ထွန်းလင်းငယ်ကို ရေးမြို့မရဲစခန်းက (ပ) ၅၀၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၈၂ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။