ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်တော်ပြန် ၃၄ ဦးကို Facility Quarantine ထားရှိထားကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ ဟားခါးမြို့နယ် အတွင်း အကြောင်းအမျိုးမျိုးနဲ့ Facility Quarantine ဝင်ရောက်နေတဲ့သူတွေကို ချင်းပြည်နယ်အစိုးရက ထောက်ပံ့ကြေးအဖြစ် တစ်ရက်ကို တစ်ဦးကျပ် ၃,၅ဝဝ ပေးပါတယ်။ ၂၁ ရက်ဆိုတော့ ငွေကျပ် ၇၃,၅ဝဝ ပေးပါတယ်''ဟု ၎င်းက ပြောသည်။
ဟားခါးမြို့တွင် Facility Quarantine ဝင်ရောက်နေသည့် ပြည်တော်ပြန်များကို ဟားခါးမြို့ ဂျီတီအိုင် ကျောင်းတွင်လည်းကောင်း၊ ဟားခါးတက္ကသိုလ်တွင်လည်းကောင်းထား ရှိပြီး ချင်းပြည်နယ်ဆေးရုံကြီးမှ တာဝန်ရှိဆရာဝန်၊ ဆရာမများက ကြပ်မတ်ကုသပေးလျက် ရှိကြောင်း သိရသည်။
စောင့်ကြည့်ပြည်တော်ပြန်များ၏ Swab နမူနာများကို နှစ်ကြိမ်ရယူ စစ်ဆေးမှုများပြုလုပ်ပြီး ရောဂါပိုးမတွေ့သူများကို၂၁ ရက်ပြည့်ပါက Home Quarantine ခုနစ်ရက် ဆက်လက်ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ချင်းပြည်နယ် မြို့တော်ဟားခါးမှာ COVID-19 ရောဂါတစ်ကျော့ပြန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ ရန်ကုန်၊ မန္တလေး၊ ကလေးဘက်ကလာတဲ့ ကားအဝင် အထွက်တွေကို စောင့်ကြည့်စစ်ဆေးမှုတွေ၊ အိန္ဒိယနယ်စပ်ဘက်က ပြည်တော်ပြန်တွေကို စောင့်ကြည့်စစ်ဆေးတဲ့လုပ်ငန်း၊ တရုတ်ပြန်တွေ၊ နိုင်ငံရပ်ခြားပြန် အားလုံးကိုပေါ့။ မြို့ နယ်ကော်မတီ၊ လူငယ် Volunteer တွေ ပူးပေါင်းပြီး ဆောင်ရွက်ကြပါတယ်။ အားလုံး အရှိန်မြှင့်တင်ဆောင်ရွက်နေတာဖြစ်ပါတယ်''ဟုဟားခါးမြို့ ပရဟိတအဖွဲ့မှ ဦးထာနှင်းက ပြောသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ် တစ်ခုလုံးရှိ မြို့ရွာများအားလုံး ကျန်းမာ ရေးစစ်ဆေးမှုများနှင့် စောင့်ကြည့်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
















