အမေရိကန်နိုင်ငံ နယူးယော့ခ်၌ ကျင်းပနေသော ယူအက်စ်အိုးပင်းအမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များပြီးဆုံးခဲ့ရာ အနိုင်ရရှိခဲ့ကြသည့် ဂျပန်တင်းနစ်မယ် အိုဆာကာနှင့် ဘီလာရုစ်တင်းနစ်မယ် အဇာရန်ကာတို့မှာ စက်တင်ဘာ ၁၂ရက်၌ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ်က ယူအက်စ်အိုးပင်းချန်ပီယံဆုဆွတ် ခူးခဲ့သော အသက်(၂၂)နှစ်အရွယ် ဂျပန်တင်းနစ်မယ် အိုဆာကာသည် ဆီမီးဖိုင်နယ်၌ အမေရိကန်သူ ဘရာ ဒီကို ၇-၆၊ ၃-၆၊ ၆-၃ ဖြင့်အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့တက် ရောက်ခဲ့ခြင်းဖြစ်သည်။
အဇာရန်ကာမှာ ဆီမီးဖိုင်နယ်၌ အမေရိကန်နာမည် ကြီးတင်းနစ်မယ် ဆရီနာဝီလျံနှင့်တွေ့ဆုံခဲ့ပြီး ၁-၆၊ ၆-၃၊ ၆-၃ ဖြင့်အနိုင်ရခဲ့ပြီး ခုနစ်နှစ်အတွင်း အဓိကပြိုင်ပွဲ တစ်ခု၏ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက်ရောက်ခဲ့ ခြင်းဖြစ်သည်။
ဂရင်းစလမ်းချန်ပီယံဆုကို (၂၃)ကြိမ် ဆွတ်ခူးထားသော ဆရီနာဝီလျံမှာ ၂ဝ၁၂၊ ၂ဝ၁၃ ခုနှစ် ယူအက်စ်အိုးပင်းဗိုလ်လုပွဲတွင် အဇာရန်ကာကို အနိုင် ရခဲ့သော်လည်း ယခုတစ်ကြိမ်အနိုင်မရခဲ့ပေ။
''ခံစားမှုကတော့ ပြောမပြတတ်အောင်ပါပဲ။ ဗိုလ်လုပွဲ ရောက်ခဲ့လို့ ကျွန်မ ပျော်ရွှင်မိပါတယ်။ စိတ်လှုပ်ရှားမိပါ တယ်။ ဗိုလ်လုပွဲကစားဖို့ အချိန်မစောင့်နိုင်တော့ပါဘူး။ ဒီလိုအဆင့်မှာ ဆရီနာနဲ့ပွဲက ကျွန်မကစားခဲ့တဲ့ပွဲတွေထဲက အကောင်းဆုံးပွဲတစ်ပွဲပါ''ဟု အဇာရန်ကာက ပြောသည်။















