ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ဆူဂါ ဝန်ကြီးချုပ်ဖြစ်လာရန် ကုမ္ပဏီအများစု ဆန္ဒရှိနေ

ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ဆူဂါ ဝန်ကြီးချုပ်ဖြစ်လာရန် ကုမ္ပဏီအများစု ဆန္ဒရှိနေ

COVID-19 ကပ်ရောဂါကို ကျော်လွန်နိုင်သည်အထိ စီးပွားရေး ပြန်လည်ဦးမော့ရေးမူဝါဒများကို အပြောင်းအလဲမပြုလုပ်လိုသော ဂျပန်ကုမ္ပဏီအများစုသည်  ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂါကို ဝန်ကြီးချုပ်သစ်ဖြစ်လာရန် ဆန္ဒရှိနေကြောင်း ရိုက်တာသတင်းဌာန၏ စစ်တမ်းကောက်ယူမှုတစ်ရပ်အရ သိရသည်။ 

ပြည်တွင်းကြွေးမြီကဏ္ဍအပေါ် စိုးရိမ်မှုများ ရှိနေသော်လည်း အစိုးရအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ခြင်းသည် ကုမ္ပဏီများအကြိုက် ဖြစ်စေ ခဲ့ကြောင်း အဆိုပါ စစ်တမ်းက ဖော်ပြသည်။ ယခုစစ်တမ်းတွင် COVID-19 ကူးစက်ရောဂါကို ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ရမှုနှင့် ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးပြန်လည်ဦးမော့လာခဲ့ကြောင်း ဖော်ပြထားသည်။ အချို့ကမူ စီးပွားရေးတွင် အမျိုးသမီးများ အရေးပါမှုကို ဦးစားပေးသည့် womenomics ဆိုသော မူဝါဒကို အလေးပေးပြောဆိုခဲ့သည်။

ကျန်းမာရေး အကြောင်းပြချက်ကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီဖြစ်ကြောင်း ပြောဆိုထားသည့် ရှင်ဇိုအာဘေးနေရာကို ဆက်ခံရန် ဆူဂါသည် ရေပန်းစားသူတစ်ယောက် ဖြစ်နေ ပြီး စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပမည့် လစ်ဘရယ်ဒီမိုကရက်တစ်ခေါင်းဆောင် ရွေး ချယ်ပွဲတွင် အနိုင်ရလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်နေကြသည်။ အာဏာရပါတီတွင် ရွေး ချယ်ခံရမည့် ခေါင်းဆောင်သစ်သည် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

ကော်ပိုရေးရှင်းများကို ကောက်ယူသည့် စစ်တမ်း၏ ဖော်ပြချက်အရ ကုမ္ပဏီများ၏ ၅၆ ရာခိုင်နှုန်း သည် ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂဲရူအီရှီဘာနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယို ကီရှီဒါ တို့ကဲ့သို့ အခြားသော ကိုယ်စားလှယ်လောင်းများထက် ဆူဂါအား ဝန်ကြီးချုပ်ဖြစ်လာ စေရန် ဆန္ဒရှိနေကြောင်း သိရသည်။

"အများကြီး ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ မျှော်လင့်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွားဘဝကို မြှင့်တင်ပေးဖို့ စီးပွားရေးဦးမော့လာဖို့ကိုတော့ ရည်မှန်း ထားသင့်တယ်" ဟု စက်မှုလုပ်ငန်း မန်နေဂျာတစ်ဦးက အဆိုပါ စစ်တမ်းကောက်ယူမှု၌ ရေးသားခဲ့သည်။