ပိုင်ဆိုင်မှုအငြင်းပွားနယ်စပ်၌ နှစ်ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင်နေမှုကို အချိန်မဆိုင်းဘဲ ရပ်ဆိုင်းရန် အိန္ဒိယနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ သဘောတူညီမှုရရှိခဲ့ကြောင်း နှစ်ဖက်စလုံးက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် မော်စကို၌ ပြုလုပ်သော ထိပ်သီးအစည်းအဝေးတစ်ခု၏ဘေးထွက်အစည်းအဝေးငယ်တစ်ခု၌ စက်တင်ဘာ ၁၀ ရက်တွင် တွေ့ဆုံပြီး ပိုင်ဆိုင်မှုအငြင်းပွားနယ်စပ်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
နယ်စပ်ရှိ လက်ရှိအခြေအနေသည် နှစ်ဖက်စလုံးအကျိုးစီးပွားမရှိစေကြောင်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ပြီး နှစ်ဖက်စလုံးရှိ တပ်များသည် ထိပ်တိုက်ရင်ဆိုင်မှုများကို ရပ်ဆိုင်းကာ တစ်တပ်နှင့် တစ်တပ် ခပ်ခွာခွာစခန်းချပြီး တင်းမာမှုများကိုလျှော့ချရေးအတွက် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သင့်ကြောင်း သဘောတူညီခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တရုတ်သည် အိန္ဒိယနှင့် သံတမန်ရေး၊ စစ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဆက်ဆံခြင်းကို ဆက်လက်ပြုလုပ်ပြီး အငြင်းပွားနယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိရေးကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သေနတ်ဖြင့်ပစ်ခတ်ခြင်းနှင့် အခြားအန္တရာယ်ရှိသော လုပ်ဆောင်မှုများကို ချက်ချင်းရပ်ဆိုင်းမည်ဖြစ်ကြောင်း ဝမ်က ဂျိုင်ရှန်ကာက ပြောဆိုခဲ့သည်။ နယ်ကျော်နေသည့် တပ်များနှင့် စစ်ဘက်ဆိုင်ရာကိရိယာများကို ဖယ်ရှားပြီး နယ်စပ်တပ်များသည် တင်းမာမှုလျှော့ချရေးကို ချက်ချင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝမ်က ဆွေးနွေးမှုအတွင်း ပြောဆိုခဲ့သည်။
သို့သော် အိန္ဒိယနှင့် ဆွေးနွေးမှုတိုင်း၏နောက်ကွယ်တွင် စစ်အတွက် ပြင်ဆင်ခြင်းကိုလည်း တစ်ပါတည်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏အာဘော်ကိုဖော်ပြနေသည့် ဂလိုဘယ်တိုင်းမ်သတင်းစာ၏ စက်တင်ဘာ ၁၀ ရက်ထုတ် စာစောင်၏ ခေါင်းကြီးပိုင်းတွင် ရေးသားထားသည်။
တရုတ်လက်အောက်ရှိ တိဗက်နှင့် အိန္ဒိယလက်အောက်ရှိ လာဒက်ဒေသတို့ကြား ဂယ်ဝန်တောင်ကြား၌ ဇွန်တွင် နှစ်ဖက်တပ်များ ထိပ်တိုက်ဆုံမှုကြောင့် အိန္ဒိယစစ်သည် ၂၀ ခန့် ကျဆုံးခဲ့သည်။

















