ရောဂါပြင်းထန်သည့် ဖခင်နှင့် တွေ့လိုသည့် မိသားစုကို ဟိုတယ်ကွာရန်တင်းစရိတ်များစွာ တောင်းခံ

ရောဂါပြင်းထန်သည့် ဖခင်နှင့် တွေ့လိုသည့် မိသားစုကို ဟိုတယ်ကွာရန်တင်းစရိတ်များစွာ တောင်းခံ

သြစတြေးလျနိုင်ငံ၌ ရောဂါပြင်းထန်နေပြီး သေဆုံးခါနီး အခြေအနေသို့ရောက်ရှိနေသည့် ဖခင်ဖြစ်သူအား တွေ့လိုပါက မိသားစုဝင်များ ဟိုတယ်ကွာရန်တင်းအတွက် သြစတြေးလျဒေါ်လာ ၁၆၀၀၀(ပေါင် ၉၀၀၀) ကုန်ကျမည်ဖြစ်ကြောင်း တောင်းခံမှုတစ်ခုရှိနေသည်။

အသက် ၃၉ နှစ်အရွယ် မာ့ခ် ကင်းစ်သည် ကင်ဆာရောဂါနောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး ကွင်းစ်လန်ရှိ ဘရစ္စဘန်းမြို့၌ နေထိုင်နေသည်။ ၎င်း၏ကလေးလေးဦးသည် ဆစ်ဒနီ၌ နေထိုင်နေသည်။ COVID-19 ဆိုင်ရာ ခရီးသွားလာခွင့်ပိတ်ပင်ချက်များကို ခြွင်းချက်အနေဖြင့် ဖြေလျှော့ပေးရန် အကြိမ်ကြိမ်အသနားခံမှုကို ကွင်းစလန်အာဏာပိုင်များက ပယ်ချခဲ့သည်။

ဖခင်ဖြစ်သူကို တွေ့ဆုံလိုသည့် ကလေးများသည် ဟိုတယ်ကွာရန်တင်းဖြင့် နေထိုင်ရမည်ဖြစ်ပြီး ယင်းအတွက် သြစတြေးလျဒေါ်လာ ၁၆၀၀၀ ကိုလည်း စိုက်ထုတ်ပေးဆောင်ရမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ် လူသိရှင်ကြားဖြစ်ခဲ့ပြီးနောက် အများပြည်သူမကျေမနပ်ဖြစ်ကာ စုပေါင်းရန်ပုံငွေရှာဖွေခဲ့ရာ သြစတြေးလျဒေါ်လာ ၂၀၀၀၀၀ ကျော်ရရှိခဲ့သည်။

သြစတြေးလျ၌ ပြည်နယ်များကြား၊ နယ်မြေများကြား ကူးသန်းသွားလာမှုကို ပိတ်ပင်ထားသည်။ ကလေးတစ်ဦးနှင့်သာ တွေ့ခွင့်ရမည်ဖြစ်ကြောင်း ကင်းစ်အား အာဏာပိုင်များက ကနဦးတွင် ပြောဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပြည်နယ်အစိုးရသည် အလျှော့ပေးခဲ့ပြီး ကလေးအားလုံးကို ဖခင်နှင့် တွေ့ခွင့်ပြုခဲ့သည်။

ကလေးများသည် ရက်သတ္တပတ်နှစ်ပတ် ဟိုတယ်ကွာရန်တင်းနေထိုင်ရမည်ဖြစ်ပြီး ယင်းအတွက်ကုန်ကျစရိတ်ကိုလည်း ၎င်းတို့ဘာသာစိုက်ထုတ်ရမည်ဖြစ်သည်။ ဖခင်ဖြစ်သူနှင့်တွေ့ဆုံရာတွင် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(ပီပီအီး)များကိုလည်း ဝတ်ဆင်ရမည်ဖြစ်သည်။

ကင်းစ်ကို တွေ့ရရန်ကုန်ကျမည့်စရိတ်သည် သင်္ဂြိုဟ်စရိတ်ထက်ပိုမိုများနေကြောင်း ကလေးများ၏အဘိုး ဘရုစ် လန်ဘွန်းကပြောဆိုခဲ့သည်။ ယင်းနောက်တွင် သြစတြေးလျဒေါ်လာ ၃၀၀၀၀ ရရှိရေးအတွက် GoFundMe စာမျက်နှာကို တည်ထောင်ခဲ့သော်လည်း သြစတြေးလျဒေါ်လာ ၂၀၀၀၀၀ အထိရရှိလာခဲ့သည်။ ဝန်ကြီးချုပ် စကော့မောရစ်ဆင်ကလည်း သြစတြေးလျဒေါ်လာ ၁၀၀၀ လှူဒါန်းခဲ့သည်။

GoFundMe စာမျက်နှာတွင် မိသားစုအား အားပေးထောက်ခံသည့် စကားများကိုသာမက ကွင်းစ်လန်ပြည်နယ်အစိုးရအား ပြစ်တင်ပြောဆိုမှုများကိုပါ မြင်တွေ့ရမည်ဖြစ်သည်။