တစ်ကျော့ပြန် COVID-19 ရောဂါအခြေအနေကြောင့် တရုတ်နိုင်ငံထုတ် Mask ဝယ်လို အားကောင်းနေပြီး သယ်ယူပို့ဆောင်ရေးအတွက် ကန့်သတ်ချက်များကို ဖြေလျှော့ပေးသင့်ကြောင်း Mask ရောင်းဝယ်နေသူများက ဆိုသည်။
မြန်မာနိုင်ငံတွင် အများဆုံး အသုံးပြုနေသည့် Mask များမှာ တရုတ်နိုင်ငံထုတ်ဖြစ်ပြီး နယ်စပ် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။
''လက်ရှိ အခြေအနေအရ ဝယ်လိုအားနဲ့ဝင်လာတဲ့ အရေအတွက်က မမျှတဲ့အတွက် ဈေးတက်နေပါတယ်။ ဒါပေမဲ့ ဈေးအမြင့်ကြီးမဟုတ်ပါဘူး''ဟု ရန်ကုန်အခြေစိုက် Mask ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဦးအေးကျော်က ပြောသည်။>
လက်ရှိ ပြည်တွင်းဈေးကွက်တွင် Mask ဘူး လက်ကားဈေးမှာ တစ်ဘူး ကျပ် ၁,၂ဝဝ ဝန်းကျင်တွင် ရှိနေပြီး လက်လီဈေးမှာ ကျပ် ၁,၅ဝဝ အထက်တွင် ရှိနေကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရသည်။ပြီးခဲ့သည့်ရက်များတွင် အရောင်းအဝယ်ပါးလျက်ရှိကာ ဈေးနှုန်းဆက် တိုက်ကျဆင်းမှုကြောင့် လက်လီရောင်း သူများမှာ မဝယ်ရဲသည့် အနေအထား ဖြစ်သော်လည်း ယခုရက်ပိုင်း တွင် ဝယ်လိုအားကြောင့် Mask ဈေးနှုန်း ပိုမြင့်တက်လာဖွယ် ရှိနေကြောင်း လည်း Mask ရောင်းဝယ်နေသည့် ဦးသန်းထိုက်အောင်က ဆိုသည်။
ဈေးနှုန်း မြင့်တက်လာသည်ဆိုသော်လည်း Mask အခု ၅ဝ ပါတစ်ဘူးလျှင် ကျပ် ၁,၅ဝဝ အောက်သာရှိနေပြီး မြန်ဆန်လွယ်ကူစွာ ရောင်းဝယ်နိုင်ရေးဆောင်ရွက်ပေးသင့်သလို Mask တင်ပို့သည့်ယာဉ်များကို သီးနှံတင်ပို့သည့် ကုန်တင်ယာဉ်များကဲ့သို့ အမြန်လမ်းပေါ်တွင် အရေးကြီးကုန်စည်အနေနှင့် သယ်ယူခွင့်ပြုသင့်ကြောင်း လုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။
ရန်ကုန်နှင့် မန္တလေးတိုင်းဒေသ ကြီးအတွင်း မော်တော်ယာဉ်သွားလာရာတွင် ကန့်သတ်ချက် များရှိနေသည့် အတွက် သယ်ယူပို့ဆောင်ရန် အနည်း ငယ်ခက်ခဲနေရာ ကုန်ကျစရိတ်ပိုများလာနိုင်ဖွယ်ရှိနေကြောင်း မူဆယ်အခြေစိုက် Mask ရောင်းဝယ်နေ သည့် ဦးရဲအောင်ကျော်က ပြောကြား သည်။
သယ်ယူပို့ဆောင်ရေးအတွက် ခက်ခဲလာပါက ကုန်ကျစရိက် ပိုမိုတိုးလာဖွယ်ရှိနေပြီး လက်ရှိဈေးနှုန်း များထက် ပိုမို မြင့်တက်လာနိုင်သည့် အတွက် လွယ်ကူချောမွေ့စွာ ပို့ဆောင် ခွင့်ရရန် လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။
















