ဖုန်းအရောင်းဆိုင်စတိုခန်းမှ ဖုန်း ၁၈၇ လုံးခိုးယူခဲ့သူကို ဖမ်းမိ

ဖုန်းအရောင်းဆိုင်စတိုခန်းမှ ဖုန်း ၁၈၇ လုံးခိုးယူခဲ့သူကို ဖမ်းမိ

ပုသိမ်မြို့ ရှိ ဖုန်းအရောင်းဆိုင် စတိုခန်းအတွင်းမှ ဖုန်းအလုံး ၁၈၇ လုံးခိုးယူခဲ့သည်ဆိုသူကို ဖမ်းဆီးထားကြောင်း စက်တင်ဘာ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၇ ရက်ည ၈ နာရီအချိန်ခန့်တွင်ပုသိမ်မြို့၊အမှတ်(၄)ရပ်ကွက်၊ရွှေစည်းခုံလမ်းရှိ“HelloMobile” ဆိုင်မန်နေဂျာ ဦးဝင်းမင်းထိုက်သည် ဖုန်းဆိုင်ပိတ်ချိန်ရောက်၍ဆိုင်တံခါးနှင့်ဖုန်းဆိုင်နောက်ဝဲဘက်ခြမ်းရှိဖုန်းများသီးသန့်သိုလှောင်ရန်ပြုလုပ်ထားသောစတိုခန်းတံခါးတို့ကို သော့သေချာစွာပိတ်၍နေအိမ်သို့ပြန်ခဲ့သည်။စက်တင်ဘာ ၈ ရက်နံနက်၈နာရီ ၁၀ မိနစ်အချိန်ဖုန်းဆိုင်ကိုဖွင့်လှစ်ရန်ဆိုင်သို့အရောက်စဉ်ဆိုင်တံခါးသော့ကိုဖွင့်၍အတွင်းသို့ဝင်ခဲ့သည်။

အရောင်းဝန်ထမ်းတစ်ဦးကိုစတိုခန်းတံခါးသော့သွားရောက်ဖွင့်ခိုင်းစေခဲ့ရာ၄င်းမှထွက်သွားပြီးချက်ချင်းပြန်ပြေးလာကာစတိုခန်းတံခါးမှာပွင့်နေပြီးတံခါးသော့မှာပြုတ်ထွက်နေကြောင်းပြောပြသိရသဖြင့်စတိုခန်းကိုသွားရောက်ကြည့်ရှုခဲ့သည်။

စတိုခန်းအဝသံဘာဂျာတံခါးခတ်ထားသောသော့မှာလည်းပြုတ်ထွက်ပျက်စီးနေသည်ကိုတွေ့ရပြီး စစ်ဆေးရာ စတိုခန်းအတွင်းရှိဖုန်းများထည့်ထားသောကော်သေတ္တာပုံးများ၊စက္ကူပုံးများမှာလည်းပွင့်လျှက်တွေ့ရပြီးဖုန်းဘူးခွံများသာပြန့်ကျဲနေပြီး ဖုန်း(၁၈၇)လုံး၊စုစုပေါင်းတန်ဖိုး ငွေ(၁၆၄၃၀၀၀၀)ကျပ်ဖိုးခန့်ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ပုသိမ်နယ်မြေရဲစခန်း(ပ)၄၂၄/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရအမှုရေးဖွင့်စုံစမ်းခဲ့ပြီးရဲတပ်ဖွဲ့ဝင်များကပူးပေါင်း စုံစမ်းခဲ့သည်။ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအရ ခိုးမှုကျူးလွန်သူမှာ နံနက် (၄)နာရီကျော်တွင်း ဆိုင်ချင်းကပ်လျက်အဆောက်အဦမှတစ်ဆင့် ဆိုင်တွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ဟင်္သာမင်းတည်းခိုခန်းတွင်လွန်ခဲ့သော(၄/၅)ရက်ခန့်ကတည်းကရောက်ရှိတည်းခိုသူလပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊လေးဆိပ်ကျေးရွာနေ နိုင်လင်းဦး(၂၃)နှစ်၊ ဖြစ်ကြောင်း သိရသည်။

၎င်းမှာ အခင်းဖြစ်ပြီးနောက် ပုသိမ်တစ်ဘက်ကမ်းသင်္ဘောကျင်းသို့ကူးသွားကြောင်းသတင်းသိရပြီး မှုခင်းအကူ ဌာနစု မှ လပွတ္တာရဲတပ်ဖွဲနှင့်အတူပူးပေါင်း၍တရားခံနိုင်လင်းဦးကိုစောင့်ကြည့်ခဲ့ရာလက်ကိုင်ဖုန်းများရောင်းချနေစဉ် သက်သေခံလက်ကိုင်ဖုန်း များနှင့်အတူ စက်တင်ဘာ ၁၀ ရက်နေ့ကဖမ်းဆီးရမိခဲ့သည်။

ဆက်လက်စစ်ဆေးချက်အရ ဩဂုတ် ၂၉ ရက်နေ့ကပုသိမ်မြို့၊အမှတ်(၁၀)ရပ်ကွက်၊ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအတွင်းမှလက်ကိုင်ဖုန်းတစ်လုံးနှင့် tablet တစ်လုံးခိုးယူခဲ့ကြောင်းထပ်မံပေါ်ပေါက်ခဲ့ပြီး ဆက်လက် အရေးယူထားသည်။