ရေး-သံဖြူဇရပ်ကားလမ်းပေါ်တွင် ကျပ်သိန်း ၅၀၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့်ယာဉ် ကားဘီးကိုပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း စက်တင်ဘာ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ၁၁ရက်နံနက်၁၁နာရီအချိန်ခန့်တွင်ရေး-သံဖြူဇရပ်ကားလမ်းဘုရားသုံးဆူလမ်းဝအနီးမွန်ပြည်နယ်ရဲတပ်ဖွဲ့မှုခင်းအကူဌာနစုမှအဖွဲ့ခေါင်းဆောင်ရဲအုပ်ဇော်ထိုက်နှင့်ပူးပေါင်းအဖွဲ့သည်စစ်ဆေးရေးဆောင်ရွက်နေစဉ် ဘုရားသုံးဆူမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသော Honda Fit အမျိုးအစားအဖြူ ရောင်မော်တော်ယာဉ်ကိုမသင်္ကာ၍တားဆီးစစ်ဆေးခဲ့သည်။
အဆိုပါကားမှာရပ်တန့်မပေးပဲအတင်းမောင်းနှင်ထွက်ပြေးသဖြင့် ရဲအုပ်ဇော်ထိုက်မှ ကားဘီးကိုသေနတ်ဖြင့်ပစ်ဖောက်၍ ရပ်တန့်စေပြီး ကားတံခါးကိုဖွင့်ခိုင်းရာ မဖွင့်ပေးဘဲခုခံသဖြင့် ကားတံခါးမှန်ကိုရိုက်ခွဲ၍ဝင်ရောက်ဖမ်းဆီးခဲ့ရသည်။အဆိုပါကားပေါ်တွင်ဘုရားသုံဆူမြို့၊ကရင်ပြည်နယ်ယာဉ်မောင်း ခန့်ဇော်ကို(ခ)ခန့်ကို(ခ)ဘယ်ကျော်(၂၄)နှစ်၊ မော်လမြိုင်မြို့နေရဲထက်လွင်(၂၃)နှစ်၊၊ညီမွန်ဦး (ခ) ညီညီ (၂၉)နှစ် တို့ (၃)ဦးကို ဖမ်းဆီးရမိခဲ့သည်။
ကားနောက်ခန်း၌ထည့်ထားသောရောင်စုံမြွေရေခွံ ခရီးဆောင်အိတ်အတွင်းမှ DAGUANYIN စာတမ်းပါ ရွှေရောင်ပါကင်ထုပ်အတွင်း ICE အဖြူ ရောင်ပုံဆောင်ခဲ တစ်ထုပ်လျှင် တစ်ကီလိုဂရမ်ပါအထုပ် ၉ ထုပ်၊အပြာရောင်ကပ်ခွာ ၂၄ အိတ်အတွင်းမှ WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၄၈၀၀)ပြား၊ WY စာတမ်းပါအစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၄၀)ပြား၊စုစုပေါင်း(၄၈၄၀)ပြား ICE နှင့်ဆေးပြားများ၏စုစုပေါင်းကာလတန်ဖိုးကျပ်သိန်း ၅၀၀၀ နီးပါးခန့်ကို သိမ်းဆည်းရမိခဲ့ပြီး သံဖြူဇရပ်မြို့မရဲစခန်းက(ပ)၁၄/၂၀၂၀ မူး/စိတ် ပုဒ်မ၁၉(က)/၂၁အရအမှုဖွင့်အရေးယူထားသည်။

















