တောင်ငူမြို့တွင် တစ်ခြံတည်း နေသူချင်း အရက်အတူတူသောက် စကားများရန်ဖြစ်ရာမှဓါးနှင့်ခုတ်သဖြင့်တစ်ဦးသေဆုံးခဲ့မှုကို အမှုဖွင့်အရေးယူထားကြောင်း စက်တင်ဘာ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ၁၀ရက်ည၈နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့၊ အမှတ် ၂၂ ရပ်ကွက်၊ခပေါင်းရွာဦး(၄)လမ်းတွင် အရက် အတူတူ သောက်စဉ် စကားများရာက ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ငူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော် ကျော်ဦးနှင့်အဖွဲ့ က သွားရောက်စစ်ဆေးရာ အခင်းဖြစ်ရာနေရာတွင် ပြည့်ဖြိုးဝင်း(ခ)ကျဲကြီး(၂၈)နှစ်သည် လည်ပင်းဝဲဘက်ခြမ်းနှင့်ဝဲပုခုံးတို့တွင်ပြတ်ရှဒါဏ်ရာများရရှိထားသည်ကိုတွေ့ရသဖြင့် ဆေးရုံတင်ပို့ရန်ပြင်စဉ်သေဆုံးသွားခဲ့သည်။
စုံစမ်းချက်အရ ပြည့်ဖြိုးဝင်း(ခ) ကျွဲကြီးသည် ၎င်းနေထိုင်သည့်နေအိမ်ခြံဝန်း အတွင်းအိမ်ငှားနေထိုင်သောသက်နိုင်ထွန်း(၃၄)နှစ်နှင့်အတူ အရက်အတူတူသောက်စားခဲ့သည်။ထို့သို့အရက်အတူတူသောက်စားစဉ်တစ်ယောက်တစ်ခွန်းစကားများရာကသက်နိုင်ထွန်းက အရိုးအသွား ၁၇ လက်မခန့်ရှိဓားမဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြစ်မှုကျူးလွန်သူသက်နိုင်ထွန်းအား တောင်ငူမြို့မ ရဲစခန်းတွင်(ပ)၄၄၉/၂၀၂၀ ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားသည်။
















