ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီက ၎င်းအနေ ဖြင့် ယခုနွေရာသီအပြောင်းအရွှေ့၌ ခန့်မှန်းသတင်းများ အတိုင်း အသင်းပြောင်းမည်မဟုတ်ဘဲ အာဆင်နယ်၌သာ ဆက်နေမည်ဖြစ်ကြောင်း ပြင်သစ်မီဒီယာတစ်ခုနှင့်တွေ့ ဆုံခဲ့ရာ၌ အသိပေးပြောကြားခဲ့သည်။
တိုက်စစ်မှူးလာကာဇက်တီသည် အပြောင်းအရွှေ့ တွင် ဂျူဗင်တပ်စ် သို့မဟုတ် အက်သလက်တီကိုသို့ ပြောင်းရွှေ့ရန်များနေကြောင်း သတင်းများထွက်ပေါ် နေသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ လာကာ ဇက်တီက ''ကျွန်တော် အာဆင်နယ်အသင်းမှာပဲရှိနေ ပါတယ်။ ငါးနှစ်စာချုပ် ချုပ်ထားတာပါ။ အခုဆိုရင် စာချုပ်က နှစ်နှစ်ကျန်ပါသေးတယ်။ ကျွန်တော့်အနေနဲ့ အသင်းပြောင်းဖို့ထက် အာဆင်နယ်မှာပဲဆက်နေဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါက ကျွန်တော့်ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်လားဆိုရင် ဟုတ်တယ်လို့ ပြောပါရစေ'' ဟု ဆိုခဲ့သည်။
ဆက်လက်၍ လာကာဇက်တီက နည်းပြအာတီတာ ၏လက်အောက်တွင် အာဆင်နယ်အသင်းမှာ စိတ်လှုပ် ရှားစရာအနာဂတ်ရှိဟု ယုံကြည်ကြောင်းဆိုသည်။
အာဆင်နယ်သည် အဓိကတိုက်စစ်မှူးအော်ဘာမီယန်နှင့် သက်တမ်းတိုးရန် အရှိန်မြှင့်နေသည်။ ၎င်းတို့အနေဖြင့် အော်ဘာမီယန်ကို လိုအပ်ကြောင်း လာကာဇက်တီက ဆိုသည်။ လာကာဇက်တီနှင့် အော်ဘာမီယန်တို့မှာ အာ ဆင်နယ်အတွက် နှစ်ဦးပေါင်း ၁၁၉ ဂိုးသွင်းထားသည်။















