မန်ယူအသင်းနှင့် လေ့ကျင့်ခန်းပြန် ဆင်းခဲ့သည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ အနေဖြင့် ပဲလေ့စ်နှင့်ကစားမည့် ပရီးမီးယား လိဂ်ပွဲတွင် ပါဝင်ကစားနိုင်ရန် မျှော်လင့် ထားကြောင်း နည်းပြဆိုးလ်ရှားက မန်ယူ တီဗီသို့ ပြောကြားခဲ့သည်။ အသက်(၂၇)နှစ်အရွယ် ပေါ့ဘာသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူဖြစ်ပြီး ပြင်သစ်လက်ရွေးစင် အသင်းမှ နုတ်ထွက်ခဲ့ရသူဖြစ်သည်။
၎င်းသည် ဗိုင်းရပ်စ်ကူးစက်ခံရ၍ နှစ်ပတ်ကြာသီးခြားနေထိုင်ခဲ့ရပြီး ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာကာ စက်တင်ဘာ ၁၁ ရက်က မန်ယူလေ့ကျင့်ခန်းအစီအစဉ်သို့ လာရောက်ကာ ပူးပေါင်းခဲ့သည်။ ပေါ့ဘာ သည် ၎င်း၏မာစီးဒီးကားအနက်ရောင်ဖြင့် မန်ယူလေ့ကျင့်ခန်းအစီအစဉ်သို့ လာရောက် ခဲ့ခြင်းဖြစ်သည်။
မန်ယူနည်းပြဆိုးလ်ရှားက ''ပေါ့ဘာ ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပိုင်း လေ့ကျင့်ရေးအစီအစဉ်တချို့မှာ ပါဝင် နိုင်ခြင်းမရှိဘူး။ ပေါ့ဘာဟာ ရာနှုန်းပြည့် ကြံ့ခိုင်မှုရဖို့မြန်မှာပါ။ လာမယ့်သီတင်းပတ် မှာ အသင်းအတွက် သူပြန်ကစားနိုင်ဖို့ အဆင့်သင့်ဖြစ်မယ်လို့ ကျွန်တော်မျှော်လင့် ထားပါတယ်။ ဒါပေမဲ့ သေချာပေါက်ပြော လို့မရဘူး''ဟု ပြောကြားခဲ့သည်။
မန်ယူသည် ဥရောပပွဲများကစားခဲ့ရ၍ ဘန်လေနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီး လာမည့်စက်တင်ဘာ ၁၉ ရက်၌ ပဲလေ့စ်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပေါ့ဘာသည် ၎င်းကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့်အပြင် ဇနီးသည် ဖြစ်သူ ဇူးလေးမှာလည်း ဗိုင်းရပ်စ်ကူးစက် ခံခဲ့ရသည်။ ပေါ့ဘာသည် Quarantine ဝင်နေစဉ်အတောအတွင်း မိသားစုနှင့်အချိန် ကုန်ခဲ့သည်။
ပေ့ါဘာသည် ယမန်နှစ်ဘောလုံးရာသီ က ဒဏ်ရာပြဿနာများကြောင့် ပွဲများစွာ ကစားခွင့်မရခဲ့ဘဲ ပရီးမီးယားလိဂ် ၁၆ ပွဲ အပါအဝင် ပြိုင်ပွဲစုံ ၂၂ ပွဲကစားခဲ့ရာ တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ ပေါ့ဘာသည် ၂ဝ၁၈-၁၉ ဘောလုံးရာသီကမူ ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ ၄၇ ပွဲကစားခဲ့ရာ ၁၆ ဂိုးသွင်းယူ နိုင်ခဲ့သူဖြစ်သည်။















