တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ရေလွှမ်းမိုးခြင်းခံရသည့် ဒေသများတွင် ဆောင်ရွက်နေသော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများသို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဒုတိယအကြိမ်မြောက် သွားရောက်စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာန က စက်တင်ဘာ ၁၂ တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေးကဏ္ဍသည် အခက်အခဲများနှင့် ရင်ဆိုင် နေရပြီး မကြာသေးမီက အဆက်မပြတ် တိုက်ခတ်ခဲ့သော မုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီဖြစ်ကြောင်း ကင်က ပြောဆိုခဲ့သည်။
စီးပွားရေးပိတ်ဆို့ အရေးယူမှုကြောင့် ယိုင်နဲ့နေသော စီးပွားရေးနှင့် COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရန်အတွက် ချမှတ်ထားသော ကန့်သတ်ချက် စည်းမျဉ်းများအပေါ် ပြန်လည်စဉ်းစားရလိမ့်မည်ဖြစ်ကြောင်း ကင်က အလုပ်သမားပါတီ အကြီးအကဲများကို ပြောဆိုခဲ့သည်။
ကင်သည် ရေလွှမ်းမိုးခြင်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရသော ဒေသများသို့ ဒုတိယ အကြိမ် သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။ မြောက်ပိုင်းဟွမ်ဂေးခရိုင်၊ တေးချောင်ရီ ရွာ တွင် ဆောင်ရွက်နေသော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အားရကျေနပ်ကြောင်းလည်း ကင်က ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားသည် လွန်ခဲ့သော သီတင်းပတ်များအတွင်း၌ မုန်တိုင်းဒဏ်ကို သုံးကြိမ်တိုင် ခံစားခဲ့ရပြီး စိုက်ခင်း ဧရိယာများစွာ ပျက်စီး ဆုံးရှုံးခဲ့ရသည်။

















