ဗြိတိန်နှင့် ဂျပန်တို့အကြား လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိခဲ့

ဗြိတိန်နှင့် ဂျပန်တို့အကြား လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိခဲ့

ဗြိတိန်နှင့် ဂျပန်တို့သည် လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို စက်တင်ဘာ ၁၁ ရက်တွင် မူအားဖြင့် သဘောတူညီခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယင်းသဘောတူညီချက်အရ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ပြီးနောက် ဂျပန်သည် ဗြိတိန်၏ ပထမဆုံးကုန်သွယ်မည့် အဓိက မိတ်ဖက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ 

လက်ရှိတွင် ဗြိတိန်သည် ဥရောပသမဂ္ဂမှ ခွဲထွက်ရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေပြီး ဂျပန်နှင့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ခြင်းအတွက် သမိုင်းဝင်ကာလ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဗြိတိန်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ ဗြိတိန်မှ ဂျပန်သို့ တင်ပို့သော ကုန်ပစ္စည်းများ၏ ၉၉ ရာခိုင်နှုန်းသည် စည်းကြပ်ခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရပြီး ကုန်သွယ်မှုပမာဏမှာလည်း ၁၅ ဒသမ ၂ ဘီလီယံ ပေါင် (ဒေါ်လာ ၁၉ ဒသမ ၅ ဘီလီယံ) အထိ ရှိလာနိုင်ကြောင်း သိရသည်။

ဗြိတိန် အပြည်ဆိုင်ရာကုန်သွယ်ရေးဌာန အတွင်းရေးမှူး လစ်ဇ်ထရပ်စ်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီ တိုရှီမစ်ဆုတို့အကြား ရုပ်သံမှတစ်ဆင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်ဘက်မှ ထုတ်ပြန်ခဲ့သည်။