COVID-19 ကူးစက်ရောဂါ ကြောင့် တွေ့ကြုံနေရသည့် စီးပွားရေး အကျပ်အတည်းကာလတွင် အနည်းဆုံး လုပ်ခလစာကို လက်ရှိအတိုင်း ဆက် လက်ထားရှိရန် တင်ပြထားကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်း ချုပ်မှ တာဝန်ရှိသူများက အမျိုးသား အဆင့်သုံးပွင့်ဆိုင် အစည်းအဝေးတွင် ပြောသည်။(၁၇) ကြိမ်မြောက် အမျိုးသား အဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်တွင် အစိုးရ၊ အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
''အဓိကကတော့ ဒီအချိန် ဒီကာလ မှာ အနိမ့်ဆုံးလုပ်ခလစာကို သတ် မှတ်ဖို့ကတော့ မသင့်လျော်သေးဘူးလို့ အလုပ်ရှင်တွေက ပြောတာပါ'' ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သူ ကုန်သည်စက်မှုအသင်းချုပ်၏ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင် ခိုင်နွယ်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် တစ် နာရီလျှင် ကျပ် ၆ဝဝ နှုန်းဖြင့် တစ် ရက်လျှင် ၈ နာရီအတွက် ကျပ် ၄,၈ဝဝ နှုန်း သတ်မှတ်ထားပြီး အလုပ်သမား သမဂ္ဂအဖွဲ့၏ စစ်တမ်းများအရ လက်ရှိ အချိန်တွင် အလုပ်သမားများသည် တစ်ရက်လျှင် ပျမ်းမျှ ကျပ် ၇,ဝဝဝ မှ ၈,ဝဝဝ ကြား သုံးစွဲကုန်ကျလျက် ရှိနေသည်။
ယခင်ရေးဆွဲခဲ့သော တည်ဆဲ အလုပ်သမားဥပဒေများကို ကိုဗစ်ကူး စက်ရောဂါဖြစ်ပွားနေချိန်တွင် အခြေ အနေနှင့် လိုက်လျောညီထွေစွာ ပြင် ဆင်ဖြည့်စွက်သင့်ကြောင်း၊ ညွှန်ကြား ချက်များကို အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်လုံးလိုက်နာဆောင်ရွက်ခြင်း၊ ကိုဗစ်ဂယက်ကြောင့် စီးပွားရေးလုပ် ငန်းများ လည်ပတ်ရန်ခက်ခဲနေသည့် အချိန်၊ ဝင်ငွေ ထွက်ငွေ မမျှတသည့် အချိန်များတွင် ကိုဗစ်ကြောင့် စက်ရုံ၊ အလုပ်ရုံများ ယာယီပိတ်သိမ်းရမည် ဆိုပါက အလုပ်ပိတ်သိမ်းလျော်ကြေး ကို ပေးလျော်ရန်မစွမ်းသာသောလုပ် ငန်းများအတွက် နိုင်ငံတော်အစိုးရက နည်းလမ်းတစ်ခုခုဖြင့် စဉ်းစားဆောင် ရွက်ပေးရန်နှင့် ယခုလိုစီးပွားရေးအကျပ် အတည်းကာလတွင် အနည်းဆုံးလုပ်ခ လစာကို လက်ရှိအတိုင်းဆက်ထားရန် ဆွေးနွေးခဲ့ကြသည်ဟု ကုန်သည်စက်မှု အသင်းချုပ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
''အနည်းဆုံးလုပ်ခ၊ လစာ မသတ် မှတ်ချင်သေးတာ လက်ခံလို့ရတယ်။ စက်ရုံအလုပ်ရုံမှာ ဘေးအန္တရာယ်ကင်း ရှင်းပြီး လုံခြုံစိတ်ချရတဲ့လုပ်ငန်းခွင်ဖြစ် ဖို့အတွက်ကတော့ လုပ်ငန်းရှင်တွေ တာဝန်ယူရမှာပါ'' ဟု စက်မှုလက်မှုနှင့် ဝန်ဆောင်မှုပေါင်းစုံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးသက် နှင်းအောင်က ဆိုသည်။
အလုပ်သမားကဏ္ဍဘက်မှလည်း လက်ရှိ COVID-19 ကာလ အခက် အခဲအခြေအနေများကို နားလည် လက်ခံထားပြီး စက်ရုံအလုပ်ရုံများတွင် ဘေးအန္တရာယ်ကင်းရှင်းကာ လုံခြုံစိတ် ချရသည့် လုပ်ငန်းခွင်ဖြစ်စေရန်လို အပ်ပြီး အဆိုပါအခြေအနေမျိုးရှိမရှိ အစိုးရမှ စစ်ဆေးပေးရန်လိုအပ်သည် ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခ လစာသတ်မှတ်ချက်ကို ၂ဝ၁၅ခုနှစ် တွင် ကျပ် ၃,၆ဝဝ ဟု သတ်မှတ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် ကျပ် ၄,၈ဝဝ ဟု ထပ်မံသတ်မှတ်ခဲ့ကာ နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ရန် ဆွေးနွေးမှုများ လုပ်ဆောင်ကြရမည်ဖြစ်သည်ဟု သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

















