စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့တွင် သိန်း ၉၅၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး ပစ္စည်းပိုင်ရှင်နှင့် သယ်ဆောင်သူကို စုံစမ်းလျက်ရှိကြောင်း စက်တင်ဘာ ၁၃ ရက်နေ့တွင် ရဲစခန်းမှသိရသည်။
စက်တင်ဘာ ၁၂ နံနက် နာရီအချိန်တွင် ဖောင်းပြင်-ဗန်းမောက်သွား ကားလမ်းမပေါ်တွင် မြောက်လွင်ကျေးရွာအနီးတွင် ဖြတ်သန်းသည့် ယာဉ်များကို မူးယစ်သတင်းအရ ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ပူးပေါင်းအဖွဲ့က စစ်ဆေးရန် စောင့်ဆိုင်းနေစဉ် ဗျူဟာလမ်းပေါ်မှ ဗန်းမောက်လမ်းခွဲသို့ မောင်းနှင်လာသော ဆိုင်ကယ်ကို တားဆီးခဲ့သည်။
တားဆီးစစ်ဆေးနေစဉ် ၎င်းဆိုင်ကယ်နောက်မှ ကပ်၍ပါလာသည့် LAND CRUISER CYGNUS အနက်ရောင်ကားတစ်စီးမှာ လမ်းဘေးတွင်ရပ်ထားသော ဖမ်းဆီးရေးအဖွဲ့နှင့် ဆိုင်ကယ်များကို တိုက်ပြီးမောင်းနှင်ထွက်ပြေးသောကြောင့် ဖမ်းဆီးရေးအဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ရာ ကားဘီးထိမှန်၍ လမ်းဘေးတိမ်းမှောက်သွားခဲ့သည်။ ထိုသို့တိမ်းမှောက်စဉ် ကနဦးတားဆီးစစ်ဆေးခဲ့သော ဆိုင်ကယ်သမားက တိမ်းမှောက်ယာဉ်မှ ယာဉ်မောင်းကိုခေါ်ဆောင်၍မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
လမ်းဘေးတွင်တိမ်းမှောက်နေသည့် ကားကို ရှာဖွေရာ ကားနောက်ခန်းအတွင်းမှ အဝါရောင်ဆာလာ အိတ်များဖြင့် ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့် အလေးချိန် စုစုပေါင်း( ၉ ဒဿမ ၅၇)ကီလိုဂရမ် ခန့်မှန်းတန်ဖိုး သိန်းပေါင်း ကိုးထောင်ငါးရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုတွေ့ရှိ သိမ်းဆည်းခဲ့သည်။
ဖောင်းပြင်မြို့မရဲစခန်းမှ မယ(ပ)၁၆၆/၂၀၂၀၊ မူး/စိတ်ပုဒ်မ- ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။

















