လှည်းကူးမြို့တွင် ဆိုင်ကယ်စီးနင်းသူထံမှ ရွှေဆွဲကြိုးအတု လုယူထွက်ပြေးသူ ၂ ဦးကို ဖမ်းဆီးရမန်ယူထားကြောင်း စက်တင်ဘာ ၁၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၁၁ ရက်မွန်းတည့်၁၂နာရီအချိန်ခန့်တွင်လှည်းကူးမြိုနယ်၊ရှမ်းတဲကြီးအထက်ရွာနေ အမျိုးသမီးကြီးတစ်ဦးသည် မြေးဖြစ်သူနှင့်အတူ ပြည်တော်သာရပ်ကွက်၊ပြည်တော်သာ(၄)လမ်းရှိ“ကဒ်မြန်မာအသေးစားငွေချေးလုပ်ငန်းသို့ငွေလာထုတ်ယူရန်ဆိုင်ကယ်ဖြင့်လာရောက်ခဲ့သည်။
ကျွန်းကုန်းကျေးရွာ၊ပြွန်ပေါက်နား အရောက်တွင် DAYUN အမျိုးအစားအင်ဂျင်ပါဝါ ၁၅၀ အနက်ရောင်ဆိုင်ကယ်နှင့်အမည်မသိအမျိုးသားနှစ်ဦးက အနားသို့ကပ်လာပြီး ၎င်းအမျိုးသမီးကြီးလည်ပင်းတွင်ဆွဲထားသည့် ကာလတန်ဖိုးကျပ် ၁၀ သိန်းတန်ဖိုးရှိ ကျောက်နီ ဆွဲပြားပါ သံကွင်းစက်စောက်ဖြတ်ရွှေဆွဲကြိုးကို ဆွဲဖြတ်သွားပြီး မလစ်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
အမျိုးသမီးကြီးက ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခဲ့ပြီး ဆွဲကြိုးဖြတ်ပြေးသွားသူများကို ဘေးပတ်ဝန်းကျင်မှလူများ၏အကူအညီဖြင့် မလစ်ကျေးရွာနှင့် အဝိုင်းကျေးရွာကြားရှိလယ်ကွင်းထဲတွင် ဖမ်းဆီးရမိခဲ့သည်၊ ၎င်းတို့မှာ ဒဂုံမြို့သစ်မြောက်ပိုင်းနေ အောင်ပြည့်ဖြိုး(၂၉)နှစ် နှင့် ဇော်မင်းဖြိုး(၂၀)နှစ်တို့ဖြစ်ကြောင်းသိရသည်။
၎င်းတို့ဘေးလွယ်အိတ်အတွင်းမှ လုယူသွားခဲ့သော ရွှေဆွဲကြိုးကို တွေ့ရပြီးအဆိုပါဆွဲကြိုးကို ပန်းတိမ်ဆရာနှင့်စစ်ဆေးရာငွေပေါ်တွင်ရွှေရည်စိမ်ထားသည့် ကြိုးဖြစ်ကြောင်း သိရသည်။ ရွှေဆွဲကြိုးအတု လုယူထွက်ပြေးသူ အောင်ပြည့်ဖြိုး(၂၉)နှစ် နှင့် ဇော်မင်းဖြိုး(၂၀)နှစ်တို့ကို လှည်းကူးမြို့မရဲစခန်းတွင်(ပ)၁၄၆၅/၂၀၂၀ရာဇသတ်ကြီးပဒေပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့်အရေးယူထားသည်။

















