ထိုင်းဘုရင်ပြုပြင်ပြောင်းလဲပေးရေး တောင်းဆိုနေသည့် ကျောင်းသားများအား ဖျောင်းဖျပေးရန် တက္ကသိုလ်အကြီးအကဲများအား အာဏာပိုင်များက ဆင့်ခေါ်ပြီး တိုက်တွန်းပြောဆိုခဲ့ကြောင်း စစ်တပ်က ခန့်အပ်ထားသူများပါဝင်သည့် ထိုင်းအထက်လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးက စက်တင်ဘာ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးကာ ရွေးကောက်ပွဲများကျင်းပပေးရေး တောင်းဆိုမှုများကို ဇူလိုင်လလယ်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းသားအုပ်စုတချို့က ဘုရင်မဟာဝဇီရလောင်ကွန်းဦးဆောင်သော ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုချက် ၁၀ ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ကျောင်းသားများသည် စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ပြုလုပ်ရန် ပြင်ဆင်ထားသည်။ အစိုးရခန့်အပ်ထားသည့် ခရိုင်အုပ်ချုပ်ရေးမှူးများက တက္ကသိုလ်အကြီးအကဲများအား အစည်းအဝေးသို့ ဆင့်ခေါ်သည့် စာများကိုလည်း ပေးပို့ထားပြီးဖြစ်ကြောင်း အထက်လွှတ်တော်ကိုယ်စားလှယ် ဆွမ်ချိုင် ဆာဝန်ကန်းကပြောဆိုခဲ့သည်။
တက္ကသိုလ်အုပ်ချုပ်သူများက ကျောင်းသားများနှင့် နားလည်မှုယူပြီး ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုများကို ရပ်ဆိုင်းရေး တိုက်တွန်းလုပ်ဆောင်ရမည်ဖြစ်ကြေင်း ဆွမ်ချိုင်ကပြောဆိုခဲ့သည်။
အစိုးရသည် ပြည်သူများကို ဖိနှိပ်ပြီး အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေကြောင်း ကျောင်းသားခေါင်းဆောင် ပါနူဆယာ ရွန် က ပြောဆိုခဲ့သည်။

















