ထိန်းသိမ်းထားသည့် အိန္ဒိယနိုင်ငံသားငါးဦးကို တရုတ်က အိန္ဒိယသို့လွှဲပြောင်း

ထိန်းသိမ်းထားသည့် အိန္ဒိယနိုင်ငံသားငါးဦးကို တရုတ်က အိန္ဒိယသို့လွှဲပြောင်း

တရုတ်နှင့် အိန္ဒိယနယ်စပ် တရုတ်ပိုင်နက်တွင်းသို့ ကျူးကျော်ဝင်ရောက်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အိန္ဒိယနိုင်ငံသားငါးဦးကို တရုတ်က အိန္ဒိယအာဏာပိုင်များထံသို့ စက်တင်ဘာ ၁၂ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောဆိုခဲ့သည်။

အဆိုပါအိန္ဒိယနိုင်ငံသားငါးဦးအား COVID-19 ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ၁၄ ရက် သီးခြားထားရှိစောင့်ကြည့်မှုစနစ်ဖြင့် ထားရှိမည်ဖြစ်ပြီး ယင်းနောက်တွင် မိသားစုဝင်များထံသို့ လွဲှပြောင်းပေးမည်ဖြစ်ကြောင်း အိန္ဒိယစစ်တပ်၏ပြောခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဟက်ရှ် ဝါဓန် ပန်ဒဲကပြောဆိုခဲ့သည်။

လူငယ် ငါးဦးသည် သားကောင်ရှာဖွေရင်း တရားဝင်သတ်မှတ်ရခြင်းမရှိသေးသည့် နယ်စပ်ကို မရည်ရွယ်ဘဲဖြတ်ကျော်မိခဲ့ပြီး တရုတ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် အိန္ဒိယရှိ အရူနာချယ် ပရာဒေ့ရှ်ပြည်နယ်၌ ယခုနှစ်အတွင်း အလားတူဖြစ်ရပ်နှစ်ခုဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း ပန်ဒဲကပြောဆိုခဲ့သည်။

သို့သော် အဆိုပါငါးဦးသည် မုဆိုးများကဲ့သို့ ဝတ်ဆင်ထားသည့် အိန္ဒိယထောက်လှမ်းရေးများဖြစ်ကြကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ဇွန်တွင် နှစ်နိုင်ငံနယ်စပ်၌ နှစ်ဖက်တပ်များကြား သေနတ်မပါဝင်သည့် ထိပ်တိုက်ဆုံမှုကြောင့် အိန္ဒိယစစ်သည် ၂၀ ဦးကျ ဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် တင်းမာမှုများရှိခဲ့သည်။ အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်သား ငါးဦးပျောက်ဆုံးနေကြောင်း အိန္ဒိယစစ်တပ်က စက်တင်ဘာ ၈ ရက်တွင် ပြောဆိုခဲ့ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ၎င်းတို့ကို ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ခဲ့သည်။

မကြာသေးမီရက်များအတွင်း နယ်စပ်ဒေသ၌ တရုတ်နှင့် အိန္ဒိယစစ်တပ်များကြား ထိပ်တိုက်ဆုံမှုရှိခဲ့ပြီး လေထဲသို့ သေနတ်ပစ်ဖောက်မှုများရှိခဲ့သည်။ တရားဝင်သတ်မှတ်ထားခြင်းမရှိသည့် နယ်စပ်တစ်လျှောက် ထိပ်တိုက်ဆုံမှုများရှိခဲ့ပါက သေနတ်ပါဝင်ခြင်းမပြုရဟု နှစ်ဖက်စလုံးက သဘောတူညီထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာတို့သည် စက်တင်ဘာ ၁၀ ရက်တွင် မော်စကို၌ တွေ့ဆုံပြီး နယ်စပ်ရှိ တင်းမာမှုများလျှော့ချရေး သဘောတူညီခဲ့ကြသည်။