ရာသီဥတုပြောင်းမှုကို တစ်ကမ္ဘာလုံးညီညွတ်စွာဖြင့် တုံ့ပြန်ရန် ဒလိုင်းလားမား တိုက်တွန်း

ရာသီဥတုပြောင်းမှုကို တစ်ကမ္ဘာလုံးညီညွတ်စွာဖြင့် တုံ့ပြန်ရန် ဒလိုင်းလားမား တိုက်တွန်း

ရာသီဥတုပြောင်းမှုဖြစ်စဉ်ကို တစ်ကမ္ဘာလုံးညီညွတ်စွာ တုံ့ပြန်ရန်လိုအပ်နေကြောင်း တိဗက်လူမျိုးများ၏ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ကမ္ဘာ့ခေါင်းဆောင်များအား စက်တင်ဘာ ၁၂ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။

ကမ္ဘာကြီးပူနွေးလာမှုကို ပိုမိုအာရုံစိုက်သင့်ကြောင်း အိန္ဒိယ၌ နေထိုင်နေသည့် ဒလိုင်းလားမားက နိုင်ငံခုနစ်နိုင်ငံမှ လွှတ်တော်ခေါင်းဆောင်များ၏ အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သော အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ အစည်းအဝေးကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလော်စီက ကမကထပြုခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ဖိအားပေးမှုကြောင့် နိုင်ငံခေါင်းဆောင်များသည် ဒလိုင်းလားမားနှင့် တွေ့ဆုံရန် တွန့်ဆုတ်နေကြသည်။ ကမ္ဘာပေါ်တွင် အင်အားနည်းသည့် နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုမိုခံစားနေရကြောင်း ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရရှိခဲ့သည့် ဒလိုင်းလားမားကပြောဆိုခဲ့သည်။

ကမ္ဘာကြီးပူနွေးမှုကြောင့် ဒေသတချို့တွင် မိုးများပြီး ဒေသတချို့တွင် မိုးခေါင်နေကာ လူတချို့ ဒုက္ခရောက်နေပြီဖြစ်ကြောင်း၊ အထူးသဖြင့် အာဖရိက၊ တရုတ်နှင့် အိန္ဒိယတို့ရှိ ဒေသတချို့ ခံစားနေရကြောင်း ဒလိုင်းလားမားကပြောဆိုခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် စီးပွားရေးအရထိခိုက်မှုတွင်လည်း အချိုးမညီကြောင်း ဒလိုင်းလားမားကပြောဆိုခဲ့သည်။ ချမ်းသာသည့် နိုင်ငံများသည် ဆင်းရဲသည့် နိုင်ငံများလောက် စီးပွားရေးအရ ထိခိုက်မှုမရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။

စက်တင်ဘာ ၁၂ ရက် အစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဂျပန်တို့မှ လွှတ်တော်ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။