အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဂျာမနီမှ ဝက်သား တင်သွင်းမှုကို တရုတ်ပိတ်ပင်

အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဂျာမနီမှ ဝက်သား တင်သွင်းမှုကို တရုတ်ပိတ်ပင်

ဂျာမနီနိုင်ငံ၌ လွန်ခဲ့သောအပတ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားမှုတစ်ခုရှိခဲ့သောကြောင့် တရုတ်သည် ဂျာမနီမှ ဝက်သားတင်သွင်းမှုကို စက်တင်ဘာ ၁၂ ရက်မှစ၍ ပိတ်ပင်လိုက်ပြီဖြစ်သည်။

ဂျာမနီသည် တရုတ်သို့ ဝက်သားတတိယအများဆုံး တင်ပို့နေသည့် တတိယအများဆုံးနိုင်ငံဖြစ်သည်။ တရုတ်၌ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားပြီးနောက် ဝက်သားပြတ်လပ်မှုရှိနေသည်။ တရုတ်၏ဝက်သားတင်သွင်းမှုစုစုပေါင်းအနက် ၁၄ ရာခိုင်နှုန်းသည် ဂျာမနီမှဖြစ်ရာ ယခုပိတ်ပင်မှုကြောင့် အမေရိကန်ပြည်ထောင်စုနှင့် စပိန်တို့ရှိ ပို့ကုန်လုပ်ငန်းရှင်များ အကျိုးအမြတ်ရှိမည်ဖြစ်ကာ အကျိုးဆက်အဖြစ် ကမ္ဘာလုံးဆိုင်ရာဝက်သားဈေးနှုန်းမြင့်တက်လာမည်ဖြစ်သည်။

ဂျာမနီမှ တရုတ်သို့ နှစ်စဉ်ပို့ကုန်တန်ဖိုးသည် ယူရို တစ်ဘီလီယံ( ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ရှိနေသည်။ ဂျာမနီတစ်နိုင်ငံလုံးမှ တင်ပို့သော ဝက်သားများအပေါ် ပိတ်ပင်မှုမချမှတ်ဘဲ ရောဂါဖြစ်ပွားနေသည့် ဒေသအလိုက်သာ ပိတ်ပင်မှုချမှတ်ပေးရန် ဂျာမနီရှိ မွေးမြူရေးလုပ်ငန်းရှင်များက တရုတ်အကောက်ခွန်ဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနအား စက်တင်ဘာ ၁၁ ရက်တွင် တိုက်တွန်းခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၊ ဥရောပသမဂ္ဂခေါင်းဆောင်များနှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် အစည်းအဝေးပြုလုပ်ပြီးနောက် နှစ်ရက်အကြာတွင် ပိတ်ပင်မှုရှိလာခြင်းဖြစ်သည်။

ဂျာမနီမှ ဝက်သားပို့ကုန်များကို ပိတ်ပင်ချက်ကြောင့် အမေရိကန်ပြည်ထောင်စု၊ စပိန်နှင့် ဘရာဇီးတို့ အကျိုးကျေးဇူးရှိလာမည်ဖြစ်သည ်။ တရုတ်ဈေးကွက်သို့ သန့်ရှင်းလတ်ဆတ်ပြီး အန္တရာယ်ကင်းသော ဝက်သားများ တင်ပို့ရန် စပိန်က အသင့်ရှိနေကြောင်း ကုန်သွယ်ရေးအဖွဲ့အင်တာပေါ့၏ နိုင်ငံတကာဆိုင်ရာဒါရိုက်တာ ဒယ်နီယယ် ဒီမီဂယ်ကပြောဆိုခဲ့သည်။

တရုတ်သို့ နောက်ထပ်ဝက်သားများ တင်ပို့ရန် အမေရိကန်ပြည်ထောင်စုသည် အသင့်ရှိနေကြောင်း အမေရိကန်အသားပို့ကုန်အသင်း၏ပြောခွင့်ရှိသူ ဂျိုးရှူလားကပြောဆိုခဲ့သည်။