မလေးရှား၌ လူစုလူဝေးမပြုရ စည်းမျဉ်း ချိုးဖောက်ပြီး နိုက်ကလပ်သွားသူ ၂၉၀ ကျော်ကို ဖမ်းဆီး

မလေးရှား၌ လူစုလူဝေးမပြုရ စည်းမျဉ်း ချိုးဖောက်ပြီး နိုက်ကလပ်သွားသူ ၂၉၀ ကျော်ကို ဖမ်းဆီး

မလေးရှား၌ COVID-19 ကူးစက်မှုလျှော့ချရေးအတွက် ချမှတ်ထာသည့် ကူးသန်းသွားလာမှု ကန့်သတ်ချက် စည်းမျဉ်းများကို မလိုက်နာမှုဖြင့် စက်တင်ဘာ ၁၂ ရက်တွင် နိုက်ကလပ်များမှ လူပေါင်း ၂၉၄ ဦး စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့သည် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော လူ ၅၁၂ ဦးထဲတွင် အပါအဝင်ဖြစ်သည်။

ယင်းတို့အထဲမှ ၁၀၃ ဦးသည် ဦးရေများစွာပါဝင်သော လူစုလူဝေးမှုပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ ၅၆ ဦးကို ကိုယ်ပိုင်ပါတီပွဲများ ကျင်းပခြင်းတွင် ပါဝင်ခဲ့ကြသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၃၂ ဦးမှာ စည်းမျဉ်းများ မလိုက်နာခဲ့မှုကြောင့် ဖမ်းဆီးခံရ ခြင်းဖြစ်ပြီး ၁၄ ဦးမှာ နှာခေါင်းစည်း မတပ်မှုကြောင့် ဖြစ်ကြောင်း သိရသည်။ အခြား ၈ ဦးသည် အဆောက်အအုံ သို့မဟုတ် ဆိုင်များကို ခွင့်ပြုထားသည့် အချိန်ထက် ကျော်လွန်ကာ လည်ပတ်ခဲ့မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

" ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူတွေထဲက ၄၅၂ ဦးကို ငွေဒဏ်အပါအဝင် ပြစ်ဒဏ်တချို့ ချမှတ်ခဲ့ပါတယ်၊ ပြစ်မှုကျူးလွန်သူ ၅၉ ဦးကိုတော့ ချုပ်ရက်ယူလိုက်ပါတယ်၊ တစ်ဦးကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်" ဟု မလေးရှား အကြီးတန်းဝန်ကြီး အစ္စမေးလ် ယာကော့ဘ်က ပြောဆိုခဲ့သည်။

မလေးရှားတွင် စက်တင်ဘာ ၁၃ ၌ COVID-19 ကူးစက်သူသစ် ၄၇ ဦး ရှိခဲ့ပြီး ၄၅ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကာ ၂ ဦးသည် ပြည်ပမှ ဖြစ်သည်။ မလေးရှား၌ COVID-19 ကူးစက်သူ ၉၉၁၅ ဦး နှင့် သေဆုံးသူ ၁၂၈ ဦးရှိသည်။ လူနာ ၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်၌ ကုသမှုခံယူနေရသည်။

ဇူလိုင်လ ၂၄ ရက်မှ ယခုအထိ ပြည်ပ ၃၂ နိုင်ငံမှ မိခင်နိုင်ငံသို့ ပြန်လာသူ မလေးရှားနိုင်ငံသား ၂၈၀၀၀ ကျော်ရှိကြောင်း ဝန်ကြီးအစ္စမေးလ်က ပြောဆိုခဲ့သည်။

ယင်းတို့အထဲမှ ၁၀၁၈၇ ဦးကို ဟိုတယ် ၆၉ ခုနှင့် အခြားအဆောက်အအုံရှစ်ခုတို့တွင်ထားရှိကာ သီးခြားထားရှိ စောင့်ကြည့်မှုများ ပြုလုပ်ထားပြီး ၆၉ ဦးကို ကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ကူးစက်သူ ၁၇၈၀၇ ဦး ပြန်လည်ကျန်းမာလာ သောကြောင့် နေအိမ်သို့ပြန်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ၎င်းဆက်လက် ပြောဆို ခဲ့သည်။