အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၁၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၉၂၀၇၁ ဦးရှိခဲ့သောကြောင့် ကူးစက်သူစုစုပေါင်း ၄ ဒသမ ၈၅ သန်းရှိလာပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယသည် အမေရိကန်ပြည်ထောင်စုပြီးနောက် COVID-19 ကူးစက်သူ ဒုတိယအများဆုံးရှိနေသည်။ သို့သော် သြဂုတ်လလယ်မှစ၍ အိန္ဒိယတွင် တစ်ရက်လျှင် ကူးစက်သူဦးရေ သည် အမေရိကန်ပြည်ထောင်စုထက် ပိုမိုများပြားနေသည်။
ကူးစက်သူဦးရေနှင့် နှိုင်းယှဉ်လျှင် သေဆုံးသူဦးရေသည် အလွန်အမင်းနည်းပါးနေသေးသော်လည်း တဖြည်းဖြည်းဖြင့် သေဆုံးသူများပြားလာပြီဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်အထိ ၂၄ နာရီအတွင်း COVID-19 ဖြင့် လူ ၁၁၀၀ ကျော်သေဆုံးခဲ့သောကြောင့် သေဆုံးသူ ၇၉၇၂၂ ဦးရှိနေပြီဖြစ်သည်။
သက်ကြီးရွယ်အိုများနှင့် ကူးစက်နိုင်ခြေများသော နေရာများတွင် နေထိုင်ရသူများအား COVID-19 ကာကွယ်ဆေးထိုးပေးရေး အရေးပေါ်ခွင့်ပြုချက်ကို အတည်ပြုရန် စဉ်းစားနေကြောင်း အိန္ဒိယအစိုးရက စက်တင်ဘာ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။
သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ကူးစက်နိုင်ခြေများသူများအား COVID-19 ကာကွယ်ဆေး အရေးပေါ်ထိုးပေးရန် စဉ်းစားနေကြောင်း ကျန်းမာရေးဝန်ကြီး ဟက်ရှ် ဗာဓန်ကပြောဆိုခဲ့သည်။ အရေးပေါ်ခွင့်ပြုမိန့် ဖြင့် COVID-19 ကာကွယ်ဆေး အဆင့်(၃) စမ်းသပ်မှုကာလကို လျှော့ချနိုင်သော်လည်း စမ်းသပ်ခန်းတွင်း စမ်းသပ်မှုများကို လျှော့ပေါ့လုပ်ဆောင်မည်မဟုတ်ဘဲ ကာကွယ်ဆေးထိရောက်မှုနှင့် ဘေးကင်းမှုတို့ကို အစိုးရက တိကျစွာအတည်ပြုနိုင်မှသာ ကာကွယ်ဆေးကို ဖြန့်ချိမည်ဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိ ဗာဓန်ကပြောဆိုခဲ့သည်။
ကာကွယ်ဆေးဖြန့်ချိမည့် အချိန်ကို မသတ်မှတ်ရသေးသော်လည်း ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် စမ်းသပ်မှုရလဒ်များထွက်လာမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















