အင်ဒိုနီးရှားနိုင်ငံ၌ စက်တင်ဘာ ၁၃ ရက်အထိ တစ်ရက်လျှင် COVID-19 ကူးစက်သူသစ် ၃၀၀၀ ကျော် ခြောက်ရက်ဆက်တိုက်ရှိခဲ့သောကြောင့် လူဦးရေထူထပ်သော မြို့တော်၌ ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ချမှတ်ရန် ပြင်ဆင်နေပြီဖြစ်သည်။
အင်ဒိုနီးရှား၌ စက်တင်ဘာ ၁၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၆၃၆ ဦးနှင့် သေဆုံးသူသစ် ၇၃ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းကြောင့် အင်ဒိုနီးရှား၌ COVID-19 ကူးစက်သူ ၂၁၈၃၈၂ ဦးနှင့် သေဆုံးသူ ၈၇၂၃ ဦးရှိနေပြီဖြစ်သည်။
မြို့တော်၌ ကူးစက်မှုလျှော့ချရေးအတွက် စီးပွားရေးလုပ်ငန်းများသည် အလုပ်ခွင်သို့ လာရောက်ရန်အထိ အရေးမပါသည့် ဝန်ထမ်းများအား စက်တင်ဘာ ၁၄ ရက်မှစ၍ နေအိမ်မှသာ လုပ်ကိုင်ရန် ညွှန်ကြားချက်ထုတ်ခဲ့သည်။ အစိုးရဝန်ထမ်းတချို့သည်လည်း နေအိမ်မှပင် အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။
ဈေးများနှင့် ဈေးဝယ်စင်တာများသည်လည်း ယခင်ကဝင်ရောက်ခွင့်ပြုသည့် ဖောက်သည်ပမာဏ၏ထက်ဝက်ခန့်ဖြင့်သာ လည်ပတ်ရမည်ဖြစ်သည်။ ဈေးဝယ်စင်တာများရှိ စားသောက်ဆိုင်များသည်လည်း ပါဆယ်စနစ်ဖြင့်သာရောင်းချရမည်ဖြစ်ကြောင်း ဂျကာတာအုပ်ချုပ်ရေးမှူး အဲနီစ် ဘာစ်ဝဲဒန်က ပြောဆိုခဲ့သည်။
အလုပ်ခွင်များတွင် ထိတွေ့မှုအနည်းဆုံးရှိအောင် ကြိုးပမ်းပြီး ကူးစက်မှုနည်းအောင် လုပ်ဆောင်နေကြောင်း ဘာစ်ဝဲဒန်ကပြောဆိုခဲ့သည်။ ကန့်သတ်ချက်များကို ရက်သတ္တပတ်နှစ်ပတ်ကျင့်သုံးပြီး အခြေအနေကိုသုံးသပ်ကာ သက်တမ်းတိုးသင့်ပါကလည်း တိုးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
စက်တင်ဘာလ၏ ပထမ ၁၂ ရက်အတွင်း COVID-19 ကူးစက်သူသစ်ဦးရေ အဆမတန်မြင့်တက်လာမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဝန်ပိနေပြီဖြစ်ရာ ကူးသန်းသွားလာမှုကန့်သတ်ချက်များကို မဖြစ်မနေချမှတ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
စက်တင်ဘာ ၁၃ ရက်အထိ ဂျကာတာ၌ COVID-19 ကူးစက်သူ ၅၄၂၂၀ နှင့် သေဆုံးသူ ၁၃၉၁ ဦးရှိနေသည်။ စက်တင်ဘာ ၁၄ ရက်မှစ၍ COVID-19 ကူးစက်သူအဖြစ် အတည်ပြုနိုင်သည့် အဆိုပါပုဂ္ဂိုလ်ကို အစိုးရပိုင် အဆောက်အအုံသို့မဟုတ် ဟိုတယ်များတွင် သီးခြားထားရှိစောင့်ကြည့်မည်ဖြစ်သည်။ အင်ဒိုနီးရှား၌ COVID-19 ကူးစက်ခံထားရသော်လည်း ရောဂါပြင်းထန်ခြင်းမရှိပါက နေအိမ်မှာပင် သီးခြားနေထိုင်သည့် စနစ်ကို ယခင်က ကျင့်သုံးခဲ့သည်။

















