ယိုရှီဟီဒဲ ဆူဂါ ဂျပန်အာဏာရပါတီအကြီးအကဲအဖြစ် ရွေးချယ်ခံရ၊ ဝန်ကြီးချုပ်ဖြစ်ရန် သေချာနေ

ယိုရှီဟီဒဲ ဆူဂါ ဂျပန်အာဏာရပါတီအကြီးအကဲအဖြစ် ရွေးချယ်ခံရ၊ ဝန်ကြီးချုပ်ဖြစ်ရန် သေချာနေ

ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) သည် ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂါအား ပါတီအကြီးအကဲအဖြစ် စက်တင်ဘာ ၁၄ ရက်တွင် ရွေးချယ်လိုက်ပြီဖြစ်သောကြောင့် ဆူဂါသည် ဝန်ကြီးချုပ်ဖြစ်ရန် သေချာနေပြီဖြစ်သည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ အမတ်များနှင့် ဒေသဆိုင်ရာကိုယ်စားလှယ်များကြား မဲခွဲဆုံးဖြတ်ခဲ့ရာ ဆူဂါသည် ဆန္ဒမဲ ၅၃၄ မဲအနက် ၃၇၇ မဲရရှိခဲ့သည်။ ဆူဂါ၏ပြိုင်ဘက်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂဲရူ အီရှီဘာနှင့် LDP မူဝါဒရေးရာအကြီးအကဲ ဖူမီယို ကီရှီဒါတို့သည် ဆန္ဒမဲရရှိမှုတွင် များစွာနောက်ကောက်ကျခဲ့သည်။

LDP သည် လွှတ်တော်တွင်း အမတ်နေရာအများစုကိုရရှိထားသောကြောင့် စက်တင်ဘာ ၁၆ ရက်တွင် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်သည့်အခါ ဆူဂါသည် ထောက်ခံမဲအများစုရရှိပြီး ဝန်ကြီးချုပ်ဖြစ်လာနိုင်ခြေများနေသည်။ လက်ရှိ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေးမကောင်းမွန်သောကြောင့် နုတ်ထွက်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။

"ကျွန်တော်က အကီတာက လယ်သမားတစ်ဦးရဲ့ သားကြီးပါ၊ နိုင်ငံရေးအသိပညာလည်းမရှိ၊ သွေးသားထဲက နိုင်ငံရေးသမားလည်းမရှိဘဲ နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့ပါတယ်၊ သုညကစခဲ့ပြီး အစဉ်အလာနဲ့ သမိုင်းကြောင်းရှိတဲ့ LDP ခေါင်းဆောင်ဖြစ်လာခဲ့ပါပြီ" ဟု ဆူဂါကပြောဆိုခဲ့သည်။ ဆူဂါသည် ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ်အဖြစ် ၂၀၁၂ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

သံတမန်ရေးအတွေ့အကြုံနည်းပါးသော ဆူဂါသည် နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသူနှင့် ဆက်ဆံရေးတည်ဆောက်ခြင်း၊ တရုတ်နှင့် နှစ်နိုင်ငံစီးပွားရေးအရ အပြန်အလှန်မှီခိုမှုနှင့်အတူ တရုတ်၏ရေကြောင်းအရသြဇာလွှမ်းမိုးရန် ကြိုးပမ်းခြင်းတို့အပါအဝင် ပထဝီနိုင်ငံရေးအရ စိန်ခေါ်မှုများကို ဖြေရှင်းရမည်ဖြစ်သည်။ ဆူဂါသည် ပြည်တွင်း၌လည်း COVID-19 ကူးစက်ရောဂါနှင့် ကျဆင်းနေသော စီးပွားရေး အစရှိသည့် ပြဿနာများကိုလည်း ဖြေရှင်းရမည်ဖြစ်သည်။

ရီလွင် ဘာသာပြန်သည်။