မန္တလေးတိုင်းဒေသကြီးအတွင်း COVID-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်နေကြသည့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနမှ ဝန်ထမ်းများကို မြို့တော်စည်ပင်၏ နှစ်ပတ်လည်နေ့တွင် ဂုဏ်ပြုမည် ဖြစ်ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောသည်။
အဆိုပါ ကျန်းမာရေးဝန်ထမ်းများ သည် ကန့်လန့်ကာနောက်ကွယ်မှ သူရဲ ကောင်းများဖြစ်ပြီး စနေ၊ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်များပါမကျန် နားရက် မယူဘဲ နံနက် ၈ နာရီမှ ည ၁ဝ နာရီ ကျော်အထိ လိုအပ်ချိန်တိုင်း တိုင်းပြည် နှင့်လူမျိုးအတွက် စွမ်းအားပြည့်လုပ် အားပေးနေကြသူများလည်းဖြစ်ကြောင်း ၎င်းက ချီးကျူးစကား ပြောကြားထား သည်။
''ကိုဗစ်ရောဂါပိုးတွေနဲ့လည်း အနီးကပ်နပန်းလုံးနေရသူတွေပါ။ သာမန်ဝတ်စုံနဲ့ အလုပ်လုပ် လို့မရပါဘူး။ ကိုဗစ်ရောဂါပိုး မကူးစက်အောင် Full PPE ကို တစ်ချိန်လုံး ဝတ်ထားရတာ ပါ။ PPE က လေလုံတော့ ဝတ်ထားရင် အတော်ပူပါတယ်။ ချွေးတွေနင့်နေအောင် ထွက်လို့ သာမန်လူဆိုရင် တစ်နာရီလောက် ဝတ်လိုက်ရင်ကို ချွေးထွက်များလို့ ပျော့ခွေသွားတဲ့ ပုံတွေတွေ့ ဖူးမှာပါ။ ကျွန်တော်ကိုယ်တိုင် နာရီဝက် လောက်ဝတ်ဖူးတဲ့ အတွေ့အကြုံအရပြောတာပါ''ဟု မြို့တော်ဝန် ဒေါက်တာ ရဲလွင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရေးသားထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် ည မထွက်ရအမိန့်ကို ထုတ်ပြန်ထားဆဲ ဖြစ်သောကြောင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ(မန္တလေး)မှ ဝန်ထမ်းများ သွားလာရေးအဆင်ပြေစေရေး အတွက် ညထွက်ခွင့်လက်မှတ်များထုတ် ပေးထားပြီး ဝန်ထမ်းများအနေဖြင့် ဓာတ်ခွဲအဖြေထွက်ရှိပြီးပါက စာရင်း ပြန်ချုပ်ခြင်း၊ ကွန်ပျူတာထဲ မှတ်တမ်းတင် ထည့်သွင်းကာ ဗဟိုအဆင့်သို့ ချက်ချင်း တင်ပြကြရခြင်းစသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
''ကိုဗစ်ရောဂါထိန်းချုပ်ရေးမှာ အရေးအကြီးဆုံး ကဏ္ဍကနေလုပ်အား အပြည့်အဝပေးနေတဲ့ ပြည်သူ့ကျန်း မာရေး ဓာတ်ခွဲခန်းဝန်ထမ်းတွေရဲ့ ဝန်နဲ့မမျှအောင် လုပ်ပေးနေတာကို သိသူ အင်မတန်နည်းပါတယ်။ ကိုဗစ် ရောဂါမပြန့်ပွားအောင် အဓိကအကျ ဆုံးနေရာက တာဝန်ထမ်းနေတဲ့ PHL ဝန်ထမ်းတွေကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။ ဝူဟန်ကျောင်းသားတွေကိုပြန်ခေါ်ခဲ့ပြီးQuarantine ဝင် ခဲ့တဲ့ ဆရာဝန်တွေနဲ့အတူ စည်ပင်နှစ် ပတ်လည်နေ့မှာ ဂုဏ်ပြုဖို့ဆုံးဖြတ်ထားပါ တယ်''ဟု မြို့တော်ဝန် ဒေါက်တာရဲလွင် က ဆိုသည်။
















