လူဦးရေ ၆၀ ရာခိုင်နှုန်းအား ကာကွယ်ဆေး အရင်ဆုံး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ထုတ်ပြန်

လူဦးရေ ၆၀ ရာခိုင်နှုန်းအား ကာကွယ်ဆေး အရင်ဆုံး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ထုတ်ပြန်

    တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေ၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် သန်း ၃၀ အတွက် ကနဦးတွင် COVID-19 ကာကွယ်ဆေး တစ်ကြိမ်သုံးစာပမာဏအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ် ချွန်ဆြဲကျွန်က ပြောဆိုခဲ့သည်။ 

အာဏာပိုင်များအနေဖြင့် လူဦးရေ ၅၂ သန်းရှိနေသော တောင်ကိုရီးယား ပြည်သူတစ်ရပ်လုံးအတွက် ထိုးနှံပေး လိုသော်လည်း ကာကွယ်ဆေး၏ ဘေးကင်း လုံခြုံမှု၊ ထိရောက်မှုနှင့် တိုးတက်မှုများ မသေချာသေကြောင်း ချွန်က ပြောဆိုခဲ့သည်။

COVID-19 ကာကွယ်ဆေးအား ဆောလျင်စွာ ထိုးနှံပေးနိုင်ရေးအတွက် အစိုးရသည် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဆေးဝါးကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း ချွန်က ပြောဆိုခဲ့သည်။

တောင်ကိုရီးယားသည် WHO ၏ ကိုဗစ်ကာကွယ်ဆေး အစီအစဉ် COVAX ထံမှ လူသန်း ၁၀သန်း စာအတွက် ကာကွယ်ဆေး တစ်ကြိမ်သုံးပမာဏ သန်း ၂၀ ဝယ်ယူ မည်ဖြစ်ကာ အခြား ပုဂလိကဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများထံမှ တစ်ကြိမ်သုံးပမာ ဏ သန်း ၄၀ ဝယ်ယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန် သည်။

COVID-19 ကာကွယ်ရာတွင် ထိရောက်မှုရှိသည်ဟု ညွှန်းဆိုနေကြသော AstraZeneca ၏ ကာကွယ်ဆေးကို ထုတ်လုပ်ရန်အတွက် တောင်ကိုရီးယားကုမ္ပဏီ SK Bioscience က ဇူလိုင်လတွင် သဘောတူခဲ့သည်။

တောင်ကိုရီးယားတွင် စက်တင်ဘာ ၁၄ ရက်၌ COVID-19 ကူးစက်သူသစ် ၁၀၆ ဦးရှိခဲ့ကြောင်း ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တောင်ကိုရီးယားတွင် COVID-19 ကူးစက်သူ ၂၂၃၉၁ ဦးနှင့် သေဆုံးသူ ၃၆၇ ဦး ရှိနေသည်။