ချယ်လ်ဆီးသည် စက်တင်ဘာ ၁၄ ရက်က ပရီးမီးယားလိဂ်ပွဲစဉ်(၁) အဖြစ် ဘရိုက်တန်ကွင်းသို့ သွားရောက်ကစားခဲ့ရာ သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ မန်ယူနှင့် အာဆင်နယ် ပြီးနောက် ရမှတ် ၂ဝဝဝ စုဆောင်းနိုင်သော တတိယမြောက်အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးပွဲထွက်လူစာရင်းတွင် ကစား သမားသစ်များဖြစ်သော တိုက်စစ်မှူး တီမို ဝါနာနှင့်ဟာဗက်ဇ်တို့ပါဝင်ခဲ့ပြီး အဓိက ကစားသမားများဖြင့် လူစုံခဲ့သည်။ ချယ်လ် ဆီးသည် ၂၃ မိနစ်တွင် တီမိုဝါနာကြောင့် ပင်နယ်တီရခဲ့ရာ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက သွင်းယူခဲ့သည်။
ချယ်လ်ဆီးသည် ၅၄ မိနစ် တွင် ချေပဂိုး ပြန်ပေးခဲ့ရသော်လည်း ၅၆ မိနစ်၌ ရီဆီဂျိမ်းစ်က ပင်နယ်တီဧရိယာထိပ်မှ လှလှပပ ကန်သွင်းပေးခဲ့သည်။ ချယ်လ်ဆီး အတွက် အပိတ်ဂိုးကို နောက်ခံလူ ဇူးမားက ၆၆ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ရရှိခဲ့သော အခွင့်အရေးကို အသုံးချနိုင် ခဲ့၍ ဂိုးပြတ် အနိုင်ရခဲ့သည်။
ချယ်လ်ဆီးသည် ဘရိုက်တန်နှင့် ပွဲမတိုင် မီ ပရီးမီးယားလိဂ်ရမှတ် ၁၉၉၇ မှတ် စုဆောင်း ထားနိုင်ခဲ့ပြီး ယခုအခါ ရမှတ် ၂ဝဝဝ ပြည့်ခဲ့ ခြင်းဖြစ်သည်။ မန်ယူသည် ၁၉၉၂ ခုနှစ်မှ စတင်၍ ပရီးမီးယားလိဂ် ၂၂၃၄ မှတ် စုဆောင်း ထားနိုင်ပြီး အာဆင်နယ်မှာ ၂ဝ၁၄ မှတ် ရရှိထားကြောင်း သိရသည်။
ဂျာမနီတိုက်စစ်မှူး တီမိုဝါနာမှာ ပင်နယ် တီပြစ်ဒဏ်ဘောရခဲ့စဉ် ဘရိုက်တန်ဂိုးသမား ရိုင်ယန်နှင့်ထိမိပြီးနောက် အသေးစားဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သော်လည်း ဝါနာ မှာ လီဗာပူးနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟု ချယ်လ် ဆီးနည်းပြ လမ်းပတ်က မျှော်လင့်နေသည်။ ချယ်လ်ဆီး အခြားကစားသမားတစ်ဦး ဖြစ် သော ပူလီဆစ်မှာ လက်ရှိတွင် တံကောက် ကြောဒဏ်ရာရရှိထားပြီး လီဗာပူးနှင့်ပွဲ၌ ပါဝင်ရန်မှာ အခက်အခဲရှိနေသည်။ အမေရိကန်ကစားသမား ပူလီဆစ်မှာ အသင်းနှင့် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့သော်လည်း ဒဏ်ရာအကင်းမသေသေးပေ။ ချယ်လ်ဆီး သည် လာမည့် စက်တင်ဘာ ၂ဝ ရက်တွင် ပွဲစဉ်(၂)အဖြစ် လီဗာပူးအား လက်ခံကစား ရမည်ဖြစ်သည်။
ပရီးမီးယားလိဂ် ပွဲစဉ်(၁)အပြီး သုံးဂိုး ပြတ်နိုင်ခဲ့သော အာဆင်နယ်အသင်းက ထိပ်ဆုံးတွင်ရှိနေပြီး လက်စတာ၊ချယ်လ် ဆီး၊ နယူးကာဆယ်နှင့် ဝုလ်တို့မှာ အစဉ် လိုက်ရပ်တည်နေသည်။















