ဖုန်း ၂၁ လုံး ဆိုင်ကယ် ၈ စီးခိုးယူသူ နှစ်ဦးနှင့် လက်ခံရောင်းချသူတစ်ဦး တို့ကိုဖမ်းမိ

ဖုန်း ၂၁ လုံး ဆိုင်ကယ် ၈ စီးခိုးယူသူ နှစ်ဦးနှင့် လက်ခံရောင်းချသူတစ်ဦး တို့ကိုဖမ်းမိ

မြို့နယ် သုံးမြို့နယ်အတွင်း ဖုန်း ၂၁ လုံး၊ ဆိုင်ကယ် ၈ စီးခိုးယူသူ နှစ်ဦးနှင့် လက်ခံရောင်းချသူတစ်ဦးတို့ကိုဖမ်းဆီးအရေးယူထားကြောင်းစက်တင်ဘာ ၁၆ ရက်နေ့က ရဲတပ်ဖွဲ့ မှသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထား ကြောင်း သတင်းရရှိထားသူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (၁/၁၀)ရပ်ကွက် နေ မင်းမင်းဦး(ခ) အောင်အောင်ဦး ကို WAVE RATO-110 အမျိုးအစား ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ ထွန်းထွန်း(ခ)သန်းထွန်းဦး ကို HONDA-125 အမျိုအစား ဆိုင်ကယ်(၁)စီးဖြင့်လည်းကောင်း ထန်းတပင်မြို့နယ်နှင့် ယင်းတင်ကျေးရွာကြား ကားလမ်းမပေါ်၌ စက်တင်ဘာ ၂ ရက်နေ့ ည ၈ နာရီခွဲ အချိန်က မြောက်ပိုင်း ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ထန်းတပင်မြို့ နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ ဝင်များက တွေ့ရှိ စစ်ဆေးခဲ့သည်။ ၎င်းတို့ စီးနင်းသည့် အဆိုပါဆိုင်ကယ်(၂)စီးနှင့်ပတ်သက်၍စစ်ဆေးရာ ထန်းတပင်မြို့နယ်၊ အုတ်ဖိုကျေးရွာရှိ နေအိမ်များ အတွင်းမှ ခိုးယူ ခဲ့ကြခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဆက်လက်စစ်ဆေးချက်အရ၎င်းတို့(၂)ဦးသည် ၂၀၁၉ ခုနှစ်၊ မေလမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့အတွင်း လှည့်လည်သွားလာ၍ နေအိမ်အသီးသီးမှ လက်ကိုင်ဖုန်းမျိုးစုံ ၂၁ လုံးနှင့် ဆိုင်ကယ်မျိုးစုံ ၈ စီးကို ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ခိုးယူခဲ့သည့် ဖုန်း/ဆိုင်ကယ်များ ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ခိုင်ရွှေဝါ လမ်းနေ နိုင်နိုင်(ခ)နိုင်ကြီး မှ တစ်ဆင့်ပြန်လည်ရောင်းချပေးခဲ့ကြောင်းသိရသဖြင့် ဆက်လက်ဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းများကို သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။