လာမည့်ရုံးပိတ်ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကို ငြိမ်းချမ်းစွာပြုလုပ်ခွင့်ပေးမည်ဖြစ်သော်လည်း ပြည်ပမှ အင်အားစုများက နိုင်ငံတွင်း မတည်ငြိမ်မှုများရှိလာစေရန် လှုံ့ဆော်မည်ကို စိုးရိမ်မိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက စက်တင်ဘာ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။
စက်တင်ဘာ ၁၉ ရက်တွင် ဝန်ကြီးချုပ်ရုံးရှေ့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများနှင့် ထိပ်တိုက်မဆုံရန် ရဲတပ်ဖွဲ့ဝင်များအား ညွှန်ကြားထားကြောင်း ပရာယွတ် ချန်အိုချာကပြောဆိုခဲ့သည်။ ဆန္ဒပြသူများကလည်း ဥပဒေလိုက်နာပြီး ကမောက်ကမအခြေအနေများမပေါ်ပေါက်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း ပရာယွတ်က ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ၌ ဇူလိုင်လလယ်ပိုင်းမှစ၍ နေ့စဉ်နီးပါး ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ပရာယွတ်အစိုးရ နုတ်ထွက်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပေးရန် တောင်းဆိုမှုများရှိခဲ့သည်။ အစိုးရသည် အများပြည်သူ အန္တရာယ်ကင်းရေးကို တာဝန်ယူမည်ဖြစ်ပြီး အများပြည်သူအနေဖြင့်လည်း ပြဿနာမဖြစ်အောင် သတိထားဆန္ဒထုတ်ဖော်ရမည်ဖြစ်ကြောင်း ပရာယွတ်က သတင်းထောက်များအားပြောဆိုခဲ့သည်။
ဆန္ဒပြသူတစ်ဒါဇင်ခန့် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ ထိုင်းနိုင်ငံ၌ ဆွေးနွေးခွင့်မပြုရဟု ပိတ်ပင်ထားသည့် ဘုရင်စနစ်နှင့်ပတ်သက်၍ ကျယ်ကျယ်လောင်လောင်ဆွေးနွေးမည်ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်များက ပြောဆိုခဲ့သည်။
ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှုများဖော်ဆောင်ပေးရန် တောင်းဆိုမှုများကို ဆက်လက်မပြုလုပ်ရေး ကျောင်းသားများအား ဖျောင်းဖျရန် တက္ကသိုလ်အကြီးအကဲများကို ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်သည်။

















