အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၁၆ ရက်အထိ COVID-19 ကူးစက်သူဦးရေ ငါးသန်းကျော်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယ၌ ၁၁ ရက်တာကာလအတွင်း COVID-19 ကူးစက်သူ တစ်သန်းရှိခဲ့သည်။ အိန္ဒိယ၌ COVID-19 ကူးစက်သူ ၅ ဒသမ ၀၂ သန်းရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းအင်းများတွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုသည်သာ ကူးစက်သူ ၆ ဒသမ ၅၉ သန်းဖြင့် ကူးစက်သူအများဆုံးရှိနေသည်။
အိန္ဒိယ၌ စက်တင်ဘာ ၁၆ ရက်တွင် COVID-19 ကူးစက်သူသစ် ၉၀၀၀၀ ကျော်နှင့် သေဆုံးသူသစ် ၁၂၉၀ ဦးဖြင့် စံချိန်တင်ရှိခဲ့သည်။ အိန္ဒိယ၌ ယခုအပတ်အတွင်း တစ်ရက်လျှင် ကူးစက်သူသစ် ၉၀၀၀၀ ခန့်ရှိနေသည်။
အိန္ဒိယ၌ ကူးစက်သူသစ် တစ်သန်းပြည့်ရန် ၁၆၇ ရက်ကြာမြင့်ခဲ့သော်လည်း နောက်ထပ်တစ်သန်းပြည့်ရန်မှာမူ ၂၁ ရက်သာ ကြာမြင့်ခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးတို့ထက် ကူးစက်မှုနှုန်းပိုမိုမြန်ဆန်နေကြောင်း ToI သတင်းဌာနက ဖော်ပြခဲ့သည်။
ယခုလအစောပိုင်းတွင် အိန္ဒိယသည် ကူးစက်သူဦးရေတွင် ဘရာဇီးကို ကျော်တက်ခဲ့သည်။ အိန္ဒိယသည် ယခုလောလောဆယ်တွင် တစ်ရက်လျှင် လူတစ်သန်းကို COVID-19 ရှိမရှိစစ်ဆေးနေသော်လည်း တကယ်တမ်းကူးစက်သူဦးရေသည် အစိုးရထုတ်ပြန်သည့် ဦးရေထက် ပိုမိုများပြားနိုင်ခြေရှိနေကြောင်း ကျွမ်းကျင်သူများကပြောဆိုခဲ့သည်။
အိန္ဒိယ၌ မေလမှာပင် ကူးစက်သူ ၆ ဒသမ ၅ သန်းရှိနေပြီဖြစ်ကြောင်း အိန္ဒိယဆေးသုတေသနကောင်စီက လွန်ခဲ့သောအပတ်တွင် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယ၌ စက်တင်ဘာ ၁၆ ရက်အထိ COVID-19 ဖြင့်သေဆုံးသူ ၈၂၀၆၆ ဦးရှိနေပြီဖြစ်သည်။

















