ထမင်းချက်ကျွေးသူ၏ ဝမ်းဗိုက်ကို ခြေထောက်နှင့်ကန်သဖြင့် စိတ်ဆိုးကာ ဓားဖြင့်ခုတ်သတ်

ထမင်းချက်ကျွေးသူ၏ ဝမ်းဗိုက်ကို ခြေထောက်နှင့်ကန်သဖြင့် စိတ်ဆိုးကာ ဓားဖြင့်ခုတ်သတ်

ဧရာဝတီတိုင်းဒေသကြီး ၊သာပေါင်းမြို့တွင် ထမင်းချက်ကျွေးသူ၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့်ကန်သဖြင့် စိတ်ဆိုးကာ ဓားဖြင့်ခုတ်သတ်ခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့မရဲစခန်းတွင် စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် သာပေါင်းမြို့နယ် ကျွန်းကုန်းအုပ်စု ဥက္ကဌ ဦးစောစေးထူးမှ ကညင်မြောင်ရွာအနီး( ဒေသအခေါ် စံသာကွင်းအဖျားတွင်)လူတစ်ဦး ဓါးခုတ်ခံရ၍ သေဆုံးနေကြောင်း အကြောင်းကြားသဖြင့် စခန်းမှူး ဒုရဲမှူးလှိုင်ဝင်း နှင့် အဖွဲ့က သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာမီးသွေးတိုက်အုပ်စု ဆိတ်ကြီးရွာနေ မောလေထူး ၂၇ နှစ် ဖြစ်ပြီး ယာဘက်လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေကြောင်းတွေ့ရသည်။စုံစမ်းချက်အရ နံနက် ၆ နာရီခွဲ အချိန်တွင် စောဝါးစေး မှ မောလေထူး ကိုဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်နေ့ည ၁၀ နာရီအချိန်ခန့် တွင် စံသာကွင်းအဖျားရှိ ဦးမိုးမဲငယ် ပိုင်ဆိုင်သောလယ်ထဲရှိ တဲတွင် စောဝါးစေး တစ်ဦးထဲနေထိုင်စဥ် ယခင်က ခင်မင်ရင်းနှီးသော မောလေထူး ရောက်ရှိလာကြောင်း၊စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့် မောလေထူးမှ ထမင်းစားချင်သည်ဟုပြောသဖြင့် ထမင်းချက်ပြီး ပြင်ပေးစဥ်မောလေထူး မှ ခင်ဗျားထမင်းချက်တာ နှေးလိုက်တာ ၊ အသုံးမကျဘူး ဟုပြောဆိုကာ ဝမ်းဗိုက်ကိုခြေဖြင့် တစ်ချက်ကန်ခဲ့သည်ကို စိတ်ဆိုးပြီး တဲအောက်အဆင့်တွင်ထားသည့် အရိုး အသွား ၂၂ လက်မခွဲခန့်ရှိ ထင်းခုတ်ဓါးမဖြင့် မောလေထူးကို ခုတ်ခဲ့ရာက သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ စောဝါးစေးကို သာပေါင်းမြို့မရဲစခန်းက(ပ)၃၈၀/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားသည်။