တရုတ်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် မရှိမဖြစ်လိုအပ်ချက်ကြောင့် ထိုင်ဝမ်အနောက်တောင်ဘက် ကမ်းလွန်၌ လွန်ခဲ့သောအပတ်တွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရက စက်တင်ဘာ ၁၆ ရက်တွင် ရှင်းလင်းပြောဆိုခဲ့သည်။
ထိုင်ဝမ်ကမ်းလွန်၌ စစ်သည်နှင့် စစ်ယန္တရားအင်အားများစွာပါဝင်သော လေတပ်နှင့် ရေတပ်စစ်ရေးလေ့ကျင့်မှုများကြောင့် စိုးရိမ်စရာရှိခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ပြောဆိုခဲ့ပြီးနောက် တရုတ်က ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်သည် ထိုင်ဝမ်ကို ၎င်းတို့ပိုင်အဖြစ်သတ်မှတ်ထားပြီး ထိုင်ဝမ်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ပြုလုပ်နေသည်။
လွန်ခဲ့သောအပတ်တွင် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်အစိုးရက ရှုတ်ချပြောဆိုခဲ့သည်။ ထိုင်ဝမ်ကုန်းမကြီးနှင့် ထိုင်ဝမ်ပိုင် ပရာတာစ်ကျွန်းစုများကြားတွင် စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ တရုတ်စစ်တပ်သည် Su-30 နှင့် J-10 တိုက်လေယာဉ်များကို အသုံးပြုခဲ့ကြောင်း ထိုင်ဝမ်ကပြောဆိုခဲ့သည်။
ထိုင်ဝမ်သည် တရုတ်ခွဲခြားထားလို့မရသည့် နယ်မြေဖြစ်ကြောင်း တရုတ်၏ထိုင်ဝမ်ရေးရာရုံး၏ပြောခွင့်ရှိသူ မာ ရှောက်ကွန်ကပြောဆိုခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားရှိ လက်ရှိလုံခြုံရေးအခြေအနေနှင့် အမျိုးသားအချုပ်အခြာအာဏာကို ကာကွယ်ရန် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း မာကပြောဆိုခဲ့သည်။

















