ဝါရှင်တန် စက်တင်ဘာ ၁၆အစ္စရေးနှင့် ၎င်း၏ကာလရှည်ရန်သူများဖြစ်သည့် ဘာရိန်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) တို့သည် သံတမန်ဆက်ဆံရေး အပြည့်အဝပြန်လည်စတင်မည့် စာချုပ်တစ်ခုကို အိမ်ဖြူတော်၌ စက်တင်ဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျင်မင် နေတန်ယာဟု၊ ဘာရိန်းနှင့် ယူအေအီးတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် အိမ်ဖြူတော်တောင်ဘက်မြက်ခင်းပြင်၌ ပြုလုပ်သည့် အခမ်းအနားတွင် စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။
အီဂျစ်သည် အစ္စရေးနှင့် ဆက်ဆံရေးစတင်သည့် စာချုပ်ကို ၁၉၇၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ဂျော်ဒန်ကလည်း ၁၉၉၄ ခုနှစ်တွင် အစ္စရေးနှင့် အလားတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် သမိုင်းတွင်သော နေ့ဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။
ယခုလက်မှတ်ထိုးထားသော စာချုပ်များသည် ပါလက်စတိုင်းသားများအပေါ် သစ္စာဖောက်ခြင်းသာဖြစ်ကြောင်း ပါလက်စတိုင်းသမ္မတမာမွတ် အဘ္ဘာစ်က ပြောဆိုထားပြီးဖြစ်သည်။ ယခုသဘောတူညီမှုများသည် ဒေသတစ်ခုလုံး၌ ကျယ်ပြန့်သော ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အုတ်မြစ်ချလိုက်ခြင်းဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။
အစ္စရေးသည် ဒေသတွင်းအင်အားကြီးနိ်ုင်ငံ ဆော်ဒီအာရေဗျအပါအဝင် အခြားနိုင်ငံ ကိုးနိုင်ငံခန့်နှင့်လည်း အလားတူစာချုပ်များ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ထရမ့်က ပြောဆိုခဲ့သည်။ စက်တင်ဘာ ၁၅ ရက်နေ့သည် သမိုင်းအတွက်အရေးပါသော နေ့ရက်ဖြစ်ပြီး ပြတ်သားသော ခေါင်းဆောင်မှုအတွက် ထရမ့်ကို ကျေးဇူးတင်ကြောင်း နေတန်ယာဟုကပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးအရုဏ်တက်ပြီဖြစ်ပြီး နောက်ဆုံးတွင် အာရပ်နှင့် အစ္စရေးပဋိပက္ခအဆုံးသတ်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ထရမ့်နှင့် နေတန်ယာဟုတို့သည် ပါလက်စတိုင်းသားများနှင့်ပတ်သက်၍ တစ်စုံတရာထည့်သွင်းပြောဆိုခြင်းမပြုခဲ့ချေ။ သိမ်းပိုက်ထားသည့် နယ်မြေများမှ အစ္စရေးဆုတ်ခွာမှသာ အရှေ့အလယ်ပိုင်း၌ ငြိမ်းချမ်းရေးရမည်ဖြစ်ကြောင်း ပါလက်စတိုင်းသားခေါင်းဆောင် အဘ္ဘာစ်ကပြောဆိုခဲ့သည်။

















