ရုရှား၌ အဆိပ်ခတ်ခံခဲ့ရပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဆေးရုံတစ်ရုံ၌ ကုသမှုခံယူနေပြီး နာလန်ထနေပြီဖြစ်သည့် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်ညီသည် မိသားစုနှင့်အတူရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကို စက်တင်ဘာ ၁၅ ရက်တွင် အင်စတာဂရမ်၌ ဝေမျှခဲ့ပြီး အသက်ရှူအကူစက်မပါဝင်ဘဲ အသက်ရှူနိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နာဗယ်ညီသည် ရုရှားသို့ ပြန်ရန် စီစဉ်ထားကြောင်း ၎င်း၏ပြောခွင့်ရှိသူကလည်း ပြောဆိုခဲ့သည်။ ရုရှားသမ္မတဗလာဒီမာ ပူတင်၏အဓိကပြိုင်ဘက် နာဗယ်ညီသည် ဆိုက်ဘေးရီးယားခရီးစဉ်တစ်ခုအတွင်း သြဂုတ် ၂၀ ရက်တွင် ရုတ်တရက်နေထိုင်မကောင်းဖြစ်ပြီးနောက် ဆိုက်ဘေးရီးယားဆေးရုံတစ်ရုံ၌ ကုသမှုခံယူခဲ့သည်။ အခြေအနေစိုးရိမ်စရာရှိခဲ့သောကြောင့် ၎င်းကို ဘာလင်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ရသည်။ နိုင်ငံသုံးနိုင်ငံ၌ ပြုလုပ်ခဲ့သည့် စစ်ဆေးမှုများအရ နာဗယ်ညီသည် နိုဗီချော့အာရုံကြောအဆိပ်ဖြင့် လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း ဂျာမနီရှိ ဆရာဝန်များကပြောဆိုခဲ့သည်။
ဂျာမနီ၏စွပ်စွဲချက် အခြေအမြစ်မရှိကြောင်း ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည်။ နာဗယ်ညီ၏ဖြစ်ရပ်နှင့်ပတ်သက်၍ ရုရှားသည် ရှင်းလင်းပြောဆိုရန် အသင့်ရှိနေသော်လည်း ဘာလင်ရှိ နာဗယ်ညီနှင့်ပတ်သက်သော အချက်အလက်အပြည့်အစုံကိုလိုအပ်ကြောင်း ရုရှားအစိုးရ၏ပြောခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကပြောဆိုခဲ့သည်။ ပြင်သစ်နှင့် ဆွီဒင်တို့ရှိ ဓာတ်ခွဲခန်းများက နာဗယ်ညီနှင့်ပတ်သက်၍ စစ်ဆေးခွင့်ရှိနေသော်လည်း ရုရှားလည်း အလားတူအခွင့်အရေးရရှိသင့်ကြောင်း ပက်စ်ကော့ဗ်က ပြောဆိုခဲ့သည်။
နာဗယ်ညီအရေးနှင့်ပတ်သက်၍ ရုရှားကို အပြစ်ပေးသည့်အနေဖြင့် ရုရှားမှ ဂျာမနီသို့ သဘာဝဓာတ်ငွေ့တင်ပို့မည့် ပိုက်လိုင်းသွယ်တန်းမှုကို ရပ်တန့်ရန် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်အား ဖိအားပေးမှုများရှိနေသည်။
နာဗယ်ညီက အင်စတာဂရမ်၌ တင်ထားသည့် ဓာတ်ပုံတွင် နာဗယ်ညီ၊ ဇနီးဖြစ်သူ ယူလီယာနှင့် သားသမီးနှစ်ဦးတို့ကို တွေ့ရမည်ဖြစ်သည်။ နာဗယ်ညီသည် အဆိပ်ခတ်ခံရမှုနှင့်ပတ်သက်၍ ဂျာမန်ဥပဒေအရာရှိတစ်ဦးကို ပြောပြခဲ့ပြီး ပြန်လည်ကျန်းမာလာသည်နှင့် ရုရှားသို့ ပြန်လိုကြောင်း စီစဉ်ထား ပြောဆိုထားပြီးဖြစ်သည်ဟု နယူးယောက်တိုင်းမ်သတင်းစာကဖော်ပြခဲ့သည်။

















