အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်၌ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူထောင်ပေါင်းများစွာသည် နေအိမ်များမှ စွန့်ခွာထွက်ပြေးပြီး ခိုလှုံရေးစခန်းများနှင့် မော်တော်ယာဉ်များထဲတွင် နေထိုင်နေရသည်။
ပြည်နယ်ရှိ အရင်းအမြစ်များပြတ်လပ်ခါနီးပြီဖြစ်သောကြောင့် အော်ရီဂွန်အုပ်ချုပ်ရေးမှူး ကိတ် ဘရောင်းသည် ဗဟိုအစိုးရထံမှ အကူအညီများရရှိရန်အတွက် ပြည်ထောင်စုအဆင့် သဘာဝဘေးအန္တရာယ်ကြေညာပေးရန် အိမ်ဖြူတော်အား တိုက်တွန်းထားသည်။
အော်ရီဂွန်၊ ကယ်လီဖိုးနီးယားနှင့် ဝါရှင်တန်ပြည်နယ်တို့၌ သြဂုတ်ကတည်းက တောမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဟက်တာ ၁ ဒသမ ၈ သန်းခန့် လောင်ကျွမ်းခံခဲ့ရပြီးဖြစ်သည်။ နေအိမ်အလုံးထောင်ပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ကာ လူ ၃၄ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
အော်ရီဂွန်၌ လွန်ခဲ့သောအပတ်တွင် လူရှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရကပြောဆိုခဲ့သည်။ ဒေသတွင်း တောမီးကြောင့် လေထုညစ်ညမ်းမှုအကြီးအကျယ်ရှိနေရာ နောက်ဆက်တွဲကျန်းမာရေးပြဿနာများရှိလာနိုင်သည်။
တောမီးသည် ကယ်လီဖိုးနီးယား၌ သြဂုတ်လလယ်ပိုင်းတွင် စတင်ခဲ့ပြီး ယင်းနောက် အော်ရီဂွန်နှင့် ဝါရှင်တန်တို့၌ လောင်ကျွမ်းခဲ့သည်။ တောမီးအများစုသည် မိုးကြိုးမုန်တိုင်း၊ အပူချိန်မြင့်မားမှုကြောင့် လောင်ကျွမ်းခြင်းဖြစ်ပြီး လေတိုက်နှုန်းမြင့်မားနေမှုကြောင့်လည်း အရှိန်ပိုမိုကြီးမားခဲ့သည်။
စက်တင်ဘာ ၁၅ ရက်တွင် အဓိကမီးလောင်ပြင် ၂၅ ခုတို့၌ မီးသတ်တပ်ဖွဲ့ဝင် ၁၆၆၀၀ခန့်ဖြင့် မီးငြှိမ်းသတ်မှုများကို ပြုလုပ်နေကြောင်း ကယ်လီဖိုးနီးယားသစ်တောနှင့်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ကယ်လီဖိုးနီးယား၌ တောမီးကြောင့် လွန်ခဲ့သော လေးပတ်အတွင်း လူ ၂၅ ဦးခန့်သေဆုံးခဲ့ပြီး နေအိမ်အလုံး ၄၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ကယ်လီဖိုးနီးယားမီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။

















