COVID-19 ကာကွယ်ဆေး မကြာမီတွင် ရရှိမည်ဖြစ်ကြောင်း သမ္မတထရမ့်ပြောဆို

COVID-19 ကာကွယ်ဆေး မကြာမီတွင် ရရှိမည်ဖြစ်ကြောင်း သမ္မတထရမ့်ပြောဆို

လာမည့် ရက်သတ္တပတ် သုံးပတ်၊ လေးပတ်အတွင်း COVID-19 ကာကွယ်ဆေးရရှိတော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပင်ဆီဗေးနီးယားပြည်နယ် ဖီလာဒယ်ဖီယာမြို့ရှိ မြို့နယ်ခန်းမ၌ စက်တင်ဘာ ၁၅ ရက်တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

ယခင်အစိုးလက်ထက်တွင် စည်းမျဉ်းများပြားလွန်းသောကြောင့် ရရှိရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရမည်ဖြစ်သော်လည်း ၎င်း၏အစိုးရလက်ထက်တွင် ကာကွယ်ဆေးကို ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချိနိုင်တော့မည်ဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု၌ COVID-19 အန္တရာယ်ကို လျှော့ပေါ့ပြောဆိုမိခဲ့ကြောင်း အသံဖိုင်သက်သေရှိနေသော်လည်း ထရမ့်သည် COVID-19  ကို လျှော့ပေါ့သဘောထားခြင်းမရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

ကူးစက်ရောဂါ၏အန္တရာယ်ကို လျှော့ပေ့ါသဘောထားခဲ့ကြောင်း ထရမ့်က သတင်းသမား ဘော့ ဝုဝပ်ဒ်နှင့် ယခုနှစ်အစောပိုင်းတွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့ပြီးဖြစ်သည်။ မည်သည့် COVID-19 ကာကွယ်ဆေးမျှ နောက်ဆုံးအဆင့်ရလဒ်ထွက်ပေါ်ခြင်းမရှိသေးသော်လည်း နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမတိုင်မီတွင် လူကြိုက်များမှုပိုမိုရရှိရေးအတွက် ထရမ့်သည် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးကို ဖိအားပေးနေကြောင်း သိပ္ပံပညာရှင်တချို့ကပြောဆိုခဲ့သည်။

ဝုဝပ်ဒ်သည် ဒီဇင်ဘာမှ ဇူလိုင်အထိ ထရမ့်နှင့် ၁၈ ကြိမ် တွေ့ဆုံမေးမြန်းခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ COVID-19  ဖြင့် လူသေဆုံးမှုမရှိမီကတည်းက ဗိုင်းရပ်စ်သည် သေဆုံးစေနိုင်သည်ကို သိရှိနားလည်ခဲ့ကြောင်း ထရမ့်ကပြောဆိုခဲ့သည်ဟု ဝုဝပ်ဒ်ထုတ်ပြန်သည့် အသံဖိုင်တစ်ခုအရသိရသည်။ အမေရိကန်ပြည်ထောင်စု၌ COVID-19 ဖြင့် သေဆုံးသူ ၁၉၅၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

ဝင်ငွေနည်းမိသားစုများနှင့် လူနည်းစုဝင်များအပေါ် အချိုးမညီစွာ သက်ရောက်နေသည့် COVID-19 နှင့်ပတ်သက်၍ လျှော့ပေါ့ပြောဆိုခဲ့ခြင်းရှိမရှိ ဖီလာဒယ်ဖီယာ၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် မေးမြန်းခဲ့ရာ ထရမ့်က လျှော့ပေါ့ပြောဆိုခြင်းမပြုရုံသာမက ပိုပိုသာသာပင် လှုပ်ရှားဆောင်ရွက်ခဲ့သေးကြောင်း ဖြေဆိုခဲ့သည်။

တရုတ်နှင့် ဥရောပမှ လာရောက်သူများကို ပိတ်ပင်ခြင်းအပါအဝင် အရေးယူမှုများကို ပြုလုပ်ခဲ့ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။