လူသတ်တရားခံပြေး ဖမ်းဆီးစဉ် ပြန်ခုခံသဖြင့်  သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရာက သေဆုံး

လူသတ်တရားခံပြေး ဖမ်းဆီးစဉ် ပြန်ခုခံသဖြင့်  သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရာက သေဆုံး

ရေကြည်မြို့နယ်၌ တရားခံပြေး ဖမ်းဆီးစဉ် ပြန်လည်ခုခံရန်ပြုသဖြင့်  သေနတ်ဖြင့်ပစ်ခတ် ရာက သေဆုံးမှုကို ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်ထားကြောင်း စက်တင်ဘာ ၁၆ ရက်နေ့တွင် သိရသည်။

စက်တင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခန့်တွင် ရေကြည်မြို့နယ် ရွာသစ် ကျေးရွာနေ ထွန်းထွန်းကို  သံတူရွင်းဖြင့်ရိုက်သတ်ကာ အလောင်းကို ပီနံအိတ်ဖြင့် ထုပ်၍ ချောင်းစပ်ရှိ လှေအတွင်း၌ပစ်ထား ခဲ့သည်ဆိုသူ ဇော်ဇော်(ခ)ဝေလွင် (၄၂)နှစ် မှာ ရွာသစ်ကျေးရွာသို့ ရောက်နေကြောင်းသတင်းအရ  ရဲတပ်ဖွဲ့က သွားရောက်ဖမ်း ဆီးခဲ့သည်။

အဆိုပါ အမှုကို ငါးသိုင်းချောင်းနယ်မြေရဲစခန်း (ပ)၂၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုရေးဖွင့်ကာ ၎င်းအား ဖမ်းဆီးနိုင်ရန် သက်ဆိုင်ရာက စုံစမ်းခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးစဉ် ဇော်ဇော်(ခ)ဝေလွင်က အဖမ်းမခံဘဲ ဖမ်းဆီးရေးအဖွဲ့အား ဓားဖြင့် ဝှေ့ရမ်း၍ ဂျင်ကလိဖြင့်ပစ်ခတ်ကာ ပြန်လည်ခုခံရန်ပြုခဲ့သည်။

ထိုသို့ရန်ပြုခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် သက်သေအရပ်သား တစ်ဦးတို့၌ ပွန်းရှ/ပြတ်ရှ ဒဏ်ရာများရရှိခဲ့သည်။ အသာတကြည် အဖမ်းခံရန် ပြောသော်လည်း ဆက်လက်ရန်ပြုသောကြောင့် သေနတ်ဖြင့် ၂ ချက် မိုးပေါ်ထောင် သတိပေး ပစ်ခတ်သော်လည်း ဂျင်ဂလိဖြင့် ဆက်လက်ပစ်ခတ် နေသဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်သေဆုံးခဲ့သည်။

၎င်းမှာ ၂၀၀၉ ခုနှစ် မတ် ၃၀ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ အမျိုးသမီးတစ်ဦးကို ပေါက်ပြားဖြင့် ခုတ်သတ်ကာ တရုတ်ယွမ် ၁၇၀၀၀၀ နှင့် ဆိုင်ကယ် ၁ စီးအား လုယက်မှုဖြင့် မြစ်ကြီးနားအကျဉ်းထောင်၌ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်တွင် နိုင်ငံတော်လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်လာသူ တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။

ဇော်ဇော်(ခ)ဝေလွင် သေဆုံးမှုနှင့်ပတ်သက်၍ ငါးသိုင်းချောင်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ် စဉ်(၅/၂၀၂၀)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားရှိသည်။