တရုတ်ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ Sinovac သည် စက်တင်ဘာအနှောင်းပိုင်းတွင် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်အရွယ်များပါဝင်သည့် COVID-19 ကာကွယ်ဆေး စမ်းသပ်မှုပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။
Sinovac သည် ၎င်းတို့၏ ကာကွယ်ဆေးကို အရွယ်ရောက်သူများပါဝင်သည့် နောက်ဆုံးအဆင့် စမ်းသပ်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။
လူငယ်လူရွယ်များ အပါအဝင် နိုင်ငံလူဦးရေ တစ်ခုလုံးအတွက် ခြုံမိသော ကာကွယ်ဆေးတစ်ခုရရှိရေးသည် လူပေါင်း ၉၃ဝဝဝဝ ကျော် သေဆုံးစေခဲ့သော COVID-19 ကာကွယ်ရေးအတွက် အရေးပါနေသည်။
ကာကွယ်ဆေး စမ်းသပ်မှု အဆင့် ၁ နှင့် အဆင့် ၂ တို့အား ပေါင်းစပ်မည့် အစီအစဉ်ကို စက်တင်ဘာ ၂၈ ရက်တွင် စတင်မည်ဖြစ်ပြီး အသက် သုံးနှစ်မှ ၁၇ နှစ်အရွယ်ရှိ ကျန်းမာရေး ကောင်းမွန်သူ ၅၅၂ ဦးတွင် စမ်းသပ်မည်ဖြစ်ကြောင်း ကုမ္ပဏီက စက်တင်ဘာ ၁၆ တွင် ထုတ်ပြန်ထားသည်။
ယခုစမ်းသပ်မှုအတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း Sinovac ၏ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ တရုတ်သည် နိုင်ငံသားထောင်သောင်းပေါင်းများစွာကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်သည်။ သို့သော် ကျွမ်းကျင်ပညာရှင်များကမူ စံချိန်ကိုက် စမ်းသပ်မှုမျိုး မပြည့်မီသည့် အတွက် ကာကွယ်ဆေး၏ ဘေးကင်းမှုအပေါ် စိုးရိမ်နေကြသည်။
Sinovac၏ ကာကွယ်ဆေးဖြစ်သော CoronaVac အား ဘရာဇီး၊ အင်ဒိုနီးရှား နှင့် တူရကီတို့တွင် နောက်ဆုံးအဆင့် စမ်းသပ်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ COVID-19 သည် အရွယ်ရောက်သူများနှင့် နှိုင်းစာလျှင် ကလေးသူ ငယ်များ၌ ပြင်းထန်ခြင်းမရှိကြောင်း လေ့လာမှုများအရ သိရပြီး အချို့သော ကလေးသူ ငယ်များမှာမူ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ရခဲ့မှုများလည်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ သိရသည်။
CoronaVac ကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများ၌ ပဋိပစ္စည်းထုတ်ပေးနိုင်ကြောင်း Sinovac က ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

















