COVID-19 ထိန်းချုပ်ရန်နှင့် စီးပွားရေးပြန်ဦးမော့ရန် ဦးစားပေးမည်ဟု ဆူဂါကတိပြု

COVID-19 ထိန်းချုပ်ရန်နှင့် စီးပွားရေးပြန်ဦးမော့ရန် ဦးစားပေးမည်ဟု ဆူဂါကတိပြု

နိုင်ငံတွင်း COVID-19 ကူးစက်မှုထိန်းချုပ်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်ပြီး ကျဆင်းနေသည့် စီးပွားရေး ပြန်လည်ဦးမော့လာရေးကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် ယိုရှီဟီဒဲ ဆူဂါက စက်တင်ဘာ ၁၆ ရက်တွင် ကတိပြုပြောဆိုခဲ့သည်။

ရှင်ဇိုအာဘေး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်ရှိခဲ့သည့် ဝန်ကြီးအဖွဲ့ဝင် အများစုကို ဆက်လက်တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး အာဘေးအစိုးရချမှတ်ခဲ့သည့် မူဝါဒများကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆူဂါက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲများကို သတ်မှတ်ချက်ထက် စောစီးစွာကျင်းပနိုင်ခြေရှိမရှိ မေးမြန်းသည့်အခါ ဆူဂါက ကူးစက်ရောဂါအဆုံးသတ်ရေးနှင့် စီးပွားရေး ပြန်လည်ဦးမော့ရေးကို ယခုလောလာဆယ်တွင် အများပြည်သူက အလိုလားဆုံးဖြစ်နေသဖြင့် ယင်းတို့ကိုသာ ဦးစားပေး အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။

ဆူဂါသည် နိုင်ငံရေးအယူ၊ နိုင်ငံခြားရေးမူဝါဒလျာထားချက်များကို များစွာပြောဆိုခြင်းမပြုဘဲ အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော ဗြူရိုကရေစီစနစ်၏အားနည်ချက်များကို ဖြေရှင်းမည်ဖြစ်ကာ အစိုးရအုပ်ချုပ်ရေးစနစ်ကို ဒီဂျစ်တယ်ပုံစံပိုမိုပြောင်းလဲရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုနှင့် ခိုင်မာသော ဆက်ဆံရေးဆက်လက်ထားရှိမည်ဖြစ်ပြီး တရုတ်၊ ရုရှားတို့နှင့် တည်ငြိမ်သော ဆက်ဆံရေးထားရှိမည်ဖြစ်ကြောင်း ဆူဂါကပြောဆိုခဲ့သည်။

သို့သော် ဆူဂါသည် တောင်ကိုရီးယားနှင့် ကာလရှည်ရှိနေသည့် တင်းမာမှုများကိုဖြေရှင်းရေးကိုမူ တစ်စုံတရာပြောဆိုခြင်းမရှိခဲ့သလို မြောက်ကိုရီးယားနှင့်ပတ်သက်သော ကာကွယ်ရေးမဟာဗျူဟာကိုလည်း ထုတ်ပြန်ခြင်းမပြုခဲ့ချေ။