အာရှ၌ COVID-19 ဖြစ်ပွားမှုအတွင်း ခွဲခြားဆက်ဆံမှု၊ အပြစ်ပုံချမှုပိုမိုများပြားနေကြောင်း စစ်တမ်းဖော်ပြ

အာရှ၌ COVID-19 ဖြစ်ပွားမှုအတွင်း ခွဲခြားဆက်ဆံမှု၊ အပြစ်ပုံချမှုပိုမိုများပြားနေကြောင်း စစ်တမ်းဖော်ပြ

အာရှဒေသ၌ COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုအတွင်း ခွဲခြားဆက်ဆံကာ အပြစ်ပုံချမှုများ ပိုမိုများပြားလာနေကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC) က စက်တင်ဘာ ၁၇ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။

လူသားချင်းစာနာထောက်ထားအကူအညီပေးနေသည့် ဖက်ဒရေးရှင်းသည် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနှင့် ပါကစ္စတန်တို့ရှိ လူ ၅၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာ ထက်ဝက်ခန့်က ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်ပတ်သက်၍ တရုတ်လူမျိုးများ၊ ရွှေ့ပြောင်းများနှင့် နိုင်ငံခြားသားများကို အပြစ်ပုံချနေကြောင်း တွေ့ရှိခဲ့သည်။

အထူးသဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်ပြီး မိခင်နိုင်ငံသို့ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများနှင့် နိုင်ငံခြားသားအလုပ်သမားများကြောင့် COVID-19 ဖြစ်ပွားနေရကြောင်း အပြစ်ပုံချမှုများရှိနေသည်ဟု ဖက်ဒရေးရှင်းရှိ ထိပ်တန်းသုတေသနပညာရှင် ဒေါက်တာ ဗီဗီယံဖလက်ခ်ကပြောဆိုခဲ့သည်။

တန်းတူညီမျှမှုမရှိခြင်း၏နောက်ကွယ်ရှိ ခွဲခြားဆက်ဆံမှုပြဿနာများနှင့်ဆက်စပ်မှုရှိသော ကောလာဟလများကို အဓိကထား ရင်ဆိုင်ရန်လိုအပ်ကြောင်း ဖလက်ခ်ကပြောဆိုခဲ့သည်။ အင်ဒိုနီးရှားရှိ စစ်တမ်းဖြေဆိုသူထက်ဝက်ကျော်သည် နိုင်ငံခြားသားများနှင့် စည်းမျဉ်းချိုးဖောက်သူများကို အပြစ်ပုံချပြီး မြန်မာနိုင်ငံတွင်မူ တရုတ်လူမျိုးများနှင့် နိုင်ငံခြားသားများအပေါ် အများဆုံးအပြစ်ပုံချပြောဆိုခဲ့ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

မလေးရှားတွင်မူ စစ်တမ်းဖြေဆိုသူသုံးပုံနှစ်ပုံသည် ရွှေ့ပြောင်းလုပ်သားများ၊ နိုင်ငံခြားသားခရီးသွားများနှင့် တရားမဝင်နိုင်ငံခြားသားများကို အပြစ်ပုံချပြောဆိုခဲ့ကြောင်း သုတေသနပညာရှင်များကပြောဆိုခဲ့သည်။

မလေးရှားအာဏာပိုင်များသည် မေတွင် မှတ်တမ်းမှတ်ရာမရှိသော ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များကို ဖမ်းဆီးမှုများပြုလုပ်ခဲ့သောကြောင့် ရွှေ့ပြောင်းများနှင့် ဒုက္ခသည်များသည် COVID-19 ကူးစက်နေလျှင်တောင် ကုသမှုခံယူရန် တွန့်ဆုတ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂကပြောဆိုခဲ့သည်။

ပါကစ္စတန်တွင်မူ လူအများစုသည် အီရန်နှင့်ထိစပ်လျက်ရှိသည့် နယ်စပ်တွင် အစိုးရက လုံလောက်စွာထိန်းချုပ်မှုမရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး ဘုရားဖူးသွားသည့် နိုင်ငံသားများ၊ အီရန်မှပြန်လာသူများနှင့်တရုတ်မှ လာရောက်သူများကို အပြစ်ပုံချပြောဆိုခဲ့သည်။ စစ်တမ်းကောက်ယူခဲ့သည့် လေးနိုင်ငံတွင် အဆင့်မြင့်ပညာတတ်မြောက်မှုသည်လည်း ဖြေဆိုမှုအပေါ် သက်ရောက်မှုနည်းခဲ့ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။