ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ကားဖြင့် ဝင်တိုက်ထွက်ပြေးသူ ၃ ဦးကို ဖမ်းဆီး

ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ကားဖြင့် ဝင်တိုက်ထွက်ပြေးသူ ၃ ဦးကို ဖမ်းဆီး

တောင်တွင်းကြီးမြို့တွင် ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်ကို ကားဖြင့် ဝင်တိုက်ကာ ထွက်ပြေးသူ ၃ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထား ကြောင်း စက်တင်ဘာ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ ၁၆ ရက်နေ့ ည ၆ နာရီခွဲတွင် တောင်တွင်းကြီးမြို့၊ ဝံအော်ကြီး စစ်ဆေးရေးဂိတ်၌ နေပြည်တော်ဘက်မှ ကျော်ဆန်းဝင်းပါ ၂ ဦး မောင်းနှင်လာသည့် AD – VAN အဖြူရောင် မော်တော်ယာဉ်နှင့် ရဲကျော် မောင်းနှင်လာသည့် AIRWAVE မီးခိုးရောင် ယာဉ်နှစ်စီးသည် စစ်ဆေးရေးအဖွဲ့များမှစစ်ဆေးသည်ကို အစစ်ဆေးမခံဘဲ မောင်းနှင် ထွက်ပြေးသဖြင့် လမ်းတစ်လျောက်ရှိ Covid – 19 စစ်ဆေးရေး ဂိတ်များဖြစ်သည့် ချောင်းနက် စစ်ဆေးရေးဂိတ်၊ ဆတ်သွားကျေးရွာ စစ်ဆေးရေးဂိတ်၊ ပရပ်ကြယ် စစ်ဆေးရေးဂိတ်တို့တွင် ပိတ်ဆို့နိုင်ရေး နယ်နမိတ်ခြင်းထိစပ်လျက်ရှိသည့် တိုင်းနှင့်ပြည်နယ်ကို တောင်တွင်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များကအကူညီတောင်းခံခဲ့သည်။

အဆိုပါ ကားနှစ်စီးသည် ပရပ်ကြယ်စစ်ဆေးရေးဂိတ်မှ ပိတ်ဆို့မှုဖမ်းဆီးမှုကြောင့် ပြန်လှည့်လာပြီး ဆတ်သွားစစ်ဆေးရေးဂိတ်တွင် တားဆီးနိုင်ရေးချထားသည့် အတားအဆီးကို ကားဖြင့် ထပ်မံတိုက် ကာ ချောင်းနက်ကျေး ရွာလမ်းသွယ်အတွင်းသို့ မောင်းနှင်ထွက်ပြေးခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များမှ ထွက်ပြေးမောင်းနှင့်သည့် ယာဉ်နောက်မှ ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးခဲ့ရာ ကျေးရွာနေပြည်သူများ၏ ကူညီပါဝင်မှုဖြင့် ည (၇)နာရီ (၄၅) မိနစ်တွင် အဆိုပါယာဉ် ၂ စီးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါယာဉ် ၂ စီးကို စစ်ဆေးရာ တရားမဝင်ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိရပေ။ကျော်ဆန်းဝင်းပါ (၃) ဦးကို ဆတ်သွားနယ်မြေရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/ ၃၀ (က) အရ ဖမ်းဆီး အရေးယူထားသည်။