ကော့ကေးဆပ် ၂၀၂၀ ပူးတွဲစစ်ရေးလေ့ကျင့်မှု တရုတ်၊ ရုရှားနှင့် မြန်မာ ပါဝင်မည်

ကော့ကေးဆပ် ၂၀၂၀ ပူးတွဲစစ်ရေးလေ့ကျင့်မှု တရုတ်၊ ရုရှားနှင့် မြန်မာ ပါဝင်မည်

ရုရှားနိုင်ငံတောင်ပိုင်း၌ စက်တင်ဘာ အကုန်ပိုင်းတွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများတွင် အာမေးနီးယား၊ ဘီလာရုစ်၊ အီရန်၊ မြန်မာ၊ ပါကစ္စတန်၊ တရုတ်နှင့် ရုရှားစစ်တပ်များ ပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

ကော့ကေးဆပ် ၂၀၂၀ ဟု အမည်ပေးထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသို့ ဘီးတပ်စစ်ဘက်သုံးယာဉ်များ၊ လက်နက်ငယ်များကို တရုတ်၏နောက်ဆုံးပေါ် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ပေးပို့မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၁ မှ ၂၆ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ကာကွယ်ရေးနည်းဗျူဟာများ၊ ဝန်းရံပိတ်ဆို့မှုများ၊ စစ်မြေပြင်ထိန်းချုပ်၊ ညွှန်ကြားမှုများကို အဓိကထားလေ့ကျင့်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနကပြောဆိုခဲ့သည်။

ကမ္ဘာတစ်ဝန်းက ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်နေသည့် အရေးပါသည့်အချိန်တွင် ယခုပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများသည် တရုတ်နှင့်ရုရှားကြား ဆက်ဆံရေးအတွက် အထူးအဓိပါ္ပယ်ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်တွင် ကျယ်ပြန့်သော မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ခဲ့ပြီးနောက် တရုတ်နှင့် ရုရှားတို့သည် အမေရိကန်၏သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အပါအဝင် စစ်ရေးနှင့် သံတမန်ရေးရာကိစ္စများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ခဲ့သည်။