မင်းလှမြို့တွင် ဓါတ်ဆီအကြွေးမရောင်းသည့်အပေါ် မကျေမနပ်ဖြစ်ကာ ဓါးမနှင့်ခုတ်ခဲ့သူကို ဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၁၈ ရက်နေုတွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၁၇ ရက်နံနက် ၇ နာရီခွဲအချိန်တွင် မင်းလှမြို့နယ်၊အောက်ကိုင်းကျေးရွာ နေ မစန္ဒာမြင့် သည် မိခင်ဒေါ်လှတင် ၅၆ နှစ် နှင့်အတူ နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ဒေါ်မတာနှင့် ၎င်း၏သမီးဖြစ်သူ မငယ်လေးတို့ ရောက်ရှိလာပြီးမိခင်နှင့်စကားပြောခဲ့သည်။
မစန္ဒာမြင့်မှာ နေအိမ် အပေါ်ထပ်တွင် ရောက်ရှိနေပြီး နာရီဝက်ခန့်အကြာ နေအိမ်အောက်ထပ်ရှိ မိခင်ဖြစ်သူ ဒေါ်လှတင်က "မလုပ်ပါနဲ့""မလုပ်ပါနဲ့"လာကြပါအုန်းဟုအော်သံများကြားရသဖြင့်နေအိမ်အောက်သို့ပြေးပြီးဆင်းကြည့်ခဲ့သည်။
မိခင်ကိုဒေါ်မတာ၏သားထိန်လင်းမှဓါးဖြင့်ခုတ်ခဲ့သဖြင့် နေအိမ်ဝိုင်းအတွင်းသွေးထွက်ဒဏ်ရာများဖြင့်လဲကျနေသည်ကိုတွေ့မြင်ခဲ့ရသဖြင့်ပတ်ဝန်းကျင်အားအကူအညီတောင်းခဲ့သည်။ မိခင်ဖြစ်သူကို နေအိမ်အောက်ထပ် သို့တွဲခေါ်ကာ အိမ်တံခါးများ ပိတ်နေစဉ်ထိန်လင်းမှာဓါးမကိုင်ပြီး အိမ်ရှေ့သို့ထပ်မံ ရောက်ရှိပြီးဘာမှမပြောဘဲပြန်ထွက်သွားသည်။
မိခင်ဖြစ်သူကိုဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းကြည့်ခဲ့ရာ ထိန်လင်းမှာ ပိုက်ဆံမပါဘဲဓါတ်ဆီလာရောက်ဝယ်ယူခဲ့ကြောင်း၊ ဒေါ်လှတင်မှလည်းအရင်အကြွေးလည်းမပေးသေးဘူးအခုလည်းအကြွေးလာဝယ်တယ်မရောင်းနိုင်ဘူးဟုပြောလိုက်စဉ်ထိန်လင်းမှာချက်ချင်းပြန်ထွက်သွားပြီးခဏအကြာဓါးမကိုင်ပြီးပြန်လာသည်ကိုတွေ့ရသဖြင့်နေအိမ်ရှေ့တံခါးပေါက်ကိုပိတ်နေစဉ်အသင့်ပါလာသောဓါးမဖြင့်ခုတ်ခဲ့ကြောင်းပြောပြသိ ရှိခဲ့သည်။
ဓားဖြင့်ခုတ်ခံရသဖြင့် မိခင်ဖြစ်သူတွင် လက်ဝဲလက်ကောက်ဝတ်ပြတ်လုနီးပါးဒဏ်ရာဝဲဘက်နဖူးအစပ်(၇)လက်မခန့်ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့်ရဲဆေးစာဖြင့်ရေနံမတိုက်နယ်ဆေးရုံသို့တင်ပို့ကုသခဲ့ရသောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ရေနံမနယ်မြေရဲစခန်း(ပ)၁၆၀/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၁/၃၂၆ ဖြင့်အမှုဖွင့်ကာ လက်ပံတံခါးရဲကင်းစခန်းမှုး ဒုရဲအုပ်သက်နိုင်ဦးကစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူ ထိန်လင်းကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းရာ ထိန်လင်းမှာ သခွက်ရင်း ကျေးရွာတွင်ရောက်ရှိနေကြောင်းသတင်းရရှိသဖြင့်နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် ထိန်လင်း(၄၀)နှစ် ကို သခွက်ရင်း ကျေးရွာတွင်ဖမ်းဆီးရမိခဲ့သည်။၎င်းထံမှ အခင်းဖြစ်စဉ် ကအသုံးပြုခဲ့သည့်ဓါးမကိုသိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။

















