ထိုင်ဝမ်ရေလက်ကြား အနီး၌ စက်တင်ဘာ ၁၈ ရက်တွင် တရုတ်စစ်တပ်သည် စစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်ခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်များပါဝင်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ရန် ကိုချန်းက ပြောဆိုခဲ့သည်။
ထိုင်ဝမ်ရေလက်ကြားရှိ လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေသော လုပ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အမျိုးသားအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ဆိုင်ရာ ဂုဏ်သိက္ခာတို့ကို ကာကွယ်ရန် စစ်ရေးလေ့ကျင့်ရခြင်းဖြစ်ကြောင်း ရန် ကိုချန်းကပြောဆိုခဲ့သည်။
မကြာသေးမီတွင် အမေရိကန်ပြည်ထောင်စုနှင့် ထိုင်ဝမ်ရှိ ဒီမိုကရက်တစ်တိုးတက်ရေးပါတီတို့သည် ပူးပေါင်းဆောင်ရွက်ပြီး လှုံ့ဆော်မှုများပြုလုပ်နေကြောင်း၊ တရုတ်ကို ထိန်းချုပ်ရန် ထိုင်ဝမ်ကိုအသုံးချမှု သို့မဟုတ် အင်အားကြီးလာရေး ပြည်ပအင်အားစုများကို အားကိုးခြင်းတို့သည် အဆုံးသတ်မကောင်းသည့် လုပ်ရပ်များသာဖြစ်ကာ မီးနှင့်ဆော့ပါက အပူလောင်ခံရမည်ဖြစ်ကြောင်း ရန်ကပြောဆိုခဲ့သည်။
အမေရိကန်စီးပွားရေးရာလက်ထောက်ဝန်ကြီး ကိတ် ကရာ့ချ်သည် ထိုင်ဝမ်သု့ိ စက်တင်ဘာ ၁၈ ရက်တွင် ရောက်ချိန်လာချိန်နှင့် တရုတ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုများကြား တိုက်ဆိုင်မှုရှိနေသည်။ လွန်ခဲ့သောလတွင် အမေရိကန်ကျန်းမာရေးဝန်ကြီး အလက်စ် အဇာ ထိုင်ဝမ်သို့လာရောက်ချိန်တွင်လည်း တရုတ်တိုက်လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ လွန်ခဲ့သောအပတ်တွင်လည်း တရုတ်သည် ထိုင်ဝမ်အနောက်တောင်ဘက်ကမ်းလွန်၌ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၁၈ ရက်တွင် တရုတ်စစ်ဘက်သုံးလေယာဉ် ၁၈ စင်းသည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကျော်ဝင်ရောက်လာမှုကြောင့် ထိုင်ဝမ်တိုက်လေယာဉ်များကို စေလွှတ်ကာ သတိပေးမှုများပြုလုပ်ခဲ့ရသည်။

















